News

POST TYPE

POPULAR POST

SME လုပ်ငန်းများကို ယူရိုငွေ သုံးသန်းကျော် ထုတ်ချေးမည်
12-Jun-2017
ရန်ကုန်၊ ဇွန် ၁၂

ဂျာမနီအစိုးရ၏ ထောက်ပံ့ငွေဖြစ်သည့် ယူရိုငွေ ၃ ဒသမ ၃ သန်းကို မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို သမဝါယမဘဏ် (CB Bank) မှတစ်ဆင့် ထုတ်ချေးမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ကူညီထောက်ပံ့ပေးမည့် ချေးငွေ အမျိုးအစား အစီအစဉ်သစ်အတွက် CB Bank နှင့် မြန်မာနိုင်ငံအခြေစိုက် ဂျာမနီသံရုံးတို့ ပူးပေါင်းပြုလုပ်သည့် မိတ်ဆက်ပွဲထံမှ သိရသည်။
 
ဂျာမနီနိုင်ငံ၏ KfW ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံ အစိုးရသို့ ယူရိုငွေ ၄ ဒသမ ၄၅ သန်းကို ထောက်ပံ့ငွေအဖြစ် ပေးအပ်ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ငွေထဲမှ ယူရိုငွေ ၃ ဒသမ ၃ သန်းကို SME လုပ်ငန်းများကို ထုတ်ချေးပေးမည်ဖြစ်ကာ ကျန်သည့်ယူရိုငွေ ၁ ဒသမ ၁၅ သန်းကို SME လုပ်ငန်းများအတွက် နည်းပညာပိုင်းကို ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း CB Bank SME ဌာနတာဝန်ခံ ဦးစောဒီနိုကုက ပြောကြားသည်။

“ကျွန်တော်တို့ဘဏ်အနေနဲ့ ဒီ ချေးငွေကို တစ်တိုင်းပြည်လုံးက SME လုပ်ငန်းတွေကို ဒီနှစ်ဩဂုတ်လကစပြီး ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အဓိက ဦးစားပေးပြီး ထုတ်ချေးပေးသွားမှာပါ”ဟု ၎င်းကပြောဆိုသည်။ 

ယခုချေးငွေ အမျိုးအစားသစ်သည် CB- KfW ချေးငွေဖြစ်ပြီး ချေးငွေသက်တမ်းမှာ တစ်နှစ်မှ ငါးနှစ်ကာလအထိ ကာလလတ်နှင့် ကာလရှည် ချေးငွေ နှစ်မျိုးရှိကာ SME လုပ်ငန်းရှင်များအနေနှင့် ချေးငွေကို ကျပ်သိန်းတစ်ထောင်အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ အပေါင် ပစ္စည်းပါရှိပါက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ထုတ်ချေးပေးမည်ဖြစ်ပြီး အပေါင်ပစ္စည်း မပါပါက အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း CB Bank ထံမှ သိရသည်။

“မြန်မာနိုင်ငံအတွက် ဂျာမနီနိုင်ငံအနေနဲ့ အကူအညီ ပေးခဲ့တာ ယူရိုငွေ သန်း ၉၀ ကျော်ရှိပါပြီ။ SMEs လုပ်ငန်းတွေအတွက် ကူညီပေးတာ ဒါပထမဆုံးပါ။ ဂျာမနီနိုင်ငံ အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း SME လုပ်ငန်းတွေအတွက် ကူညီပေးသွားမှာပါ”ဟု ဂျာမနီသံရုံးမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတိုင်ပင်ခံအရာရှိ Dr. Katharina Spiess က ပြောကြားသည်။ 

J-11


  • VIA