News

POST TYPE

POPULAR POST

ကားတင်သွင်းမှု ၃၀ ရာခိုင်နှုန်းခန့် လျော့ကျ
12-Jun-2017

ရန်ကုန်၊ ဇွန် ၁၂

ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့် ကန့်သတ်လိုက်သည့် ကာလမှစ၍ လျော့ကျလာသော ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုသည် ယခုနှစ်ငါးလအတွင်း တင်သွင်းမှုမှာ ယခင်နှစ်ကာလတူက ထက် ၃၀ ရာခိုင်နှုန်းခန့် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ငါးလအတွင်းက မော်တော်ယာဉ်အစီးရေ တစ်သောင်းကျော် တင်သွင်းပြီးဖြစ်သော်လည်း ယခုနှစ်အတွင်း တင်သွင်းရန် လျှောက်ထားသည့် လိုင်စင်မှာ ခုနစ်ထောင်ခန့်သာရှိကာ ယင်းပမာဏပင် အပြီးသတ် တင်သွင်းပြီးခြင်း မရှိသေးကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“မနှစ်က တစ်သောင်းဆိုတာ မြန်မာနိုင်ငံ ဆိပ်ကမ်းတွေကို ရောက်ရှိပြီး ပမာဏပါ။ ဒီနှစ် ခုနစ်ထောင်ဆိုတာက သွင်းဖို့လျှောက်ထားတဲ့ လိုင်စင်စောင်ရေပေါ့။ တချို့တစ်ဝက်ပဲ ရောက်ပါသေးတယ်”ဟု စီးပွားကူးသန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

ယခုနှစ်အတွင်း တစ်ဦးချင်းပါမစ်ဖြင့် မော်တော်ယာဉ်တင်သွင်းသူ အလွန် နည်းပါးလျက်ရှိပြီး တင်သွင်းရန် လျှောက်ထားသူ အများစုမှာ အရောင်းစင်တာများကဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မော်တော်ယာဉ် တင်သွင်းမည့်သူများအနေနှင့် ရန်ကုန်လိုင်စင် (ဝါ) ပါကင်ပါမစ် ပြသနိုင်မှသာ တင်သွင်းခွင့် ရရှိမည်ဆိုသည့် ကာလမှစတင်၍ တင်သွင်းမှု လျော့ကျလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် တင်သွင်းမှု ပမာဏ နှိုင်းယှဉ်ရာတွင် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောဆိုသည်။

ယခုနှစ်အတွင်း ရန်ကုန်လိုင်စင် ပြန်လည် ဖွင့်လှစ်မပေးသေးခြင်းအပြင် မူဝါဒသစ်အရ မော်ဒယ်လ်မြင့် မော်တော်ယာဉ်များသာ တင်သွင်းခွင့်ပြုခြင်း၊ ယာဉ်အိုယာဉ်ဟောင်း အစားထိုးစနစ်ဖြင့် တင်သွင်းသည့်ယာဉ်များ (စလစ်ကပ်ယာဉ်များ) ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရခြင်းတို့ကြောင့် မော်တော်ယာဉ် ဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်၍ အရောင်း အဝယ် ရပ်တန့်နေသည်။

S-04


  • VIA