News

POST TYPE

POPULAR POST

မုတ်သုံလေအားကောင်း၍ ဒေသအချို့ မိုးကြီးနိုင်
12-Jun-2017
ရန်ကုန်၊ ဇွန် ၁၂

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည့်အတွက် နောက်နှစ်ရက်အတွင်း ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးသည်းထန်နိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ကမ်းရိုးတန်းဒေသများတွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သော်လည်း ယင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးကြီးနိုင်ရာ မြေပြိုမှု အန္တရာယ် ရှိနိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက သတိပေးပြောဆိုသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အလားတူမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၂ ပေခန့်နှင့် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင် ၆ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

မုန်တိုင်းငယ် ဖြတ်သန်းသည့်အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၂ ရက်နေ့က မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့ရာ မြို့နယ်အချို့တွင် လေပြင်းကြောင့် ပျက်စီးမှုအချို့ရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် လူနေအိမ် ၄၀ ကျော်ပျက်စီးကာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။

E-03


  • VIA