News

POST TYPE

POPULAR POST

အာဆင်နယ်ပစ်မှတ် အန်ဒရေးဆေးလ်ဗားကို အေစီမီလန် ခေါ်ယူအားဖြည့်
12-Jun-2017
မီလန်၊ ဇွန် ၁၂

အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းသည် အာဆင်နယ်အသင်း၏ ပစ်မှတ်ကစားသမားများအနက်တွင် တစ်ဦးအပါအဝင်ဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ပေါ်တိုတိုက်စစ်မှူး အန်ဒရေးဆေးလ်ဗားကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ ဒသမ ၃ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကာ လက်ရှိတွင် ဆေးလ်ဗားမှာ အပြောင်းအရွှေ့ ကိစ္စရပ်များကို အဆုံးသတ်ရန်အတွက် အေစီမီလန်အသင်း အခြေစိုက်ရာ မီလန်မြို့သို့ လာရောက်၍ ဆေးစစ်မှုများခံယူနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်သည် ဆေးလ်ဗား၏ခြေစွမ်းကို ယမန်နှစ် ဘောလုံးရာသီကတည်းက စောင့်ကြည့် အကဲခတ်နေခဲ့ခြင်းဖြစ်ကာ အေစီမီလန်မှာ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် တိုရီနိုတိုက်စစ်မှူး ဘီလော့တီတို့ကိုခေါ်ယူရန် ကြိုးပမ်းရာတွင် အဆင်မပြေမှုများဖြင့် ကြုံဆုံခဲ့ရအပြီး၌ ဆေးလ်ဗားကို အာဆင်နယ်ထက် လက်ဦးမှုရယူ၍ ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ဆေးလ်ဗားသည် ယမန်နှစ်ဘောလုံးရာသီ၌ ပေါ်တိုကိုကိုယ်စားပြု၍ အမှတ်ပေးပွဲစဉ်ပေါင်း ၃၂ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ အသင်းအတွက် သွင်းဂိုး ၁၆ ဂိုး ရယူပေးနိုင်ခဲ့ကာ ပေါ်တူဂီလက်ရွေးစင် အသင်းကြီးကို ရှစ်ပွဲကိုယ်စားပြု ကစားခဲ့ရာတွင်လည်း ဆေးလ်ဗား သွင်းယူထားသည့် ဂိုးအရေအတွက်မှာ ခုနစ်ဂိုးရှိထားသည်။

အေစီမီလန်သည် ဆူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်၏ အဆက်အသွယ်ဖြင့် ဆေးလ်ဗားကို ခေါ်ယူရရှိလိုက်ခြင်းဖြစ်ကာ ပေါ်တိုမှာ အတိတ်ကာလကကဲ့သို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် မငြိစွန်းစေရန်အတွက် ဆေးလ်ဗားကို ရောင်းထုတ်ကာ အသင်းဘဏ္ဍာရေးကို အင်အားဖြည့်တင်းလိုက်ခြင်းဖြစ်သည်ဟု ပေါ်တူဂီ သတင်းမီဒီယာများက အသိပေးထားသည်။

အေစီမီလန်သည် ဆေးလ်ဗားကို အသင်း၏ ဂန္ထဝင်ကျောနံပါတ်တစ်ခုဖြစ်သည့် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်စေမည်ဖြစ်ကာ ၎င်းမတိုင်မီတွင် ဗီလာရီးရဲလ်နောက်ခံလူ မူဆက်ချီယို၊ ဝုဖ်ဘတ်ဘယ်နောက်ခံကစားသမား ရီကာဒို ရိုဒရီဂွက်ဇ်နှင့် အတ္တလန္တာကွင်းလယ်လူ ရီကာဒို ကက်ဆိုင်းတို့ကို အေစီမီလန်က ခေါ်ယူထားပြီးလည်းဖြစ်သည်။


  • VIA