News

POST TYPE

POPULAR POST

ဖာဘင်ညို အပြောင်းအရွှေ့အတွက် မန်ယူဆွေးနွေး၊ မိုရာတာ အနာဂတ်အတွက် အေးဂျင့်နှင့် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူများ တွေ့ဆုံ
12-Jun-2017
မန်ချက်စတာ၊ ဇွန် ၁၂

မန်ယူအသင်းသည် မိုနာကိုကွင်းလယ်ကစားသမား ဖာဘင်ညိုကို ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကာ ဖာဘင်ညိုအတွက် မန်ယူဘက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းဆက်သွယ်ထားခြင်းဖြစ်ကြောင်း ESPN က ဖော်ပြထားသည်။

မန်ယူသည် လက်ရှိတွင် ဘင်ဖီကာနောက်ခံကစားသမား လင်ဒီလော့ဖ်ကို ခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ အားလုံး အဆင်ပြေခဲ့ပြီဖြစ်ကာ လာမည့်ရက် အနည်းငယ်အတွင်းတွင် အပြောင်းအရွှေ့ အပြီးသတ်နိုင်ရန်အတွက် လင်ဒီလော့ဖ်က ဆေးစစ်မှုများ ခံယူရန် မန်ယူထံသို့ ရောက်ရှိလာတော့မည်လည်းဖြစ်သည်။

ဖာဘင်ညို၏ ဇနီးသည်ဖြစ်သူ ရေဘက္ကာ တာဗာရက်စ်သည် မန်ယူထံသို့ ၎င်း၏ခင်ပွန်းသည် ပြောင်းရွှေ့ ဖြစ်နိုင် ကြောင်းကို အရိပ်အမြွက် အသိပေးထားပြီဖြစ်ကာ ဖာဘင်ညိုကိုယ်တိုင်ကလည်း ယခုနှစ် နှစ်ဦးကာလ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ၎င်းအနေနှင့် တစ်နေနေ့ တစ်ချိန်ချိန်၌ မန်ယူအတွက် ကစားပေးခွင့်ရလိုကြောင်း ဖွင့်ဟဝန်ခံခဲ့ဖူးသည်။

ဖာဘင်ညိုနှင့် မိုနာကိုအသင်းအကြားရှိ စာချုပ်သည် ၂၀၂၁ ခုနှစ်တိုင်သည်အထိ သက်တမ်း ကျန်ရှိဆဲဖြစ်ကာ အခြားသောတစ်ဖက်တွင် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာနှင့် တိုရီနိုတိုက်စစ်မှူး ဘီလော့တီတို့ကို ခေါ်ယူနိုင်မည့် လမ်းစများကိုလည်း မန်ယူက ပိုင်ဆိုင်ထားပြီဖြစ်သည်။

မိုရာတာ၏အေးဂျင့်ဖြစ်သူသည် လွန်ခဲ့သည့် သောကြာနေ့၌ ရီးရဲလ်မက်ဒရစ် အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၎င်း၏ကစားသမားဖြစ်သူအတွက် လုံလောက်သည့် ပွဲထွက်ကစားခွင့် အာမခံချက် မပေးအပ်နိုင်ပါက အသင်းပြောင်းခွင့်ပြုပါရန် အတိအလင်း တောင်းဆိုလိုက်ပြီဖြစ်ပြီး ယမန်နှစ် ဘောလုံးရာသီ၌ နည်းပြဇီဒန်း လက်အောက်တွင် လာလီဂါပွဲစဉ် ၁၄ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့သော အခြေအနေမှာ မိုရာတာအတွက် စိတ်ကျေနပ်လောက်ဖွယ်ရာ မဖြစ်ခဲ့ကြောင်း ၎င်းက အသိပေးသွားခဲ့သေးသည်။

မိုရာတာသည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ရနိုင်ရန် လိုလားနေပြီး ၎င်း၏ရည်မှန်းချက် ပြည့်ဝနိုင်ရေးအတွက် လိုအပ်ချက်တစ်ရပ် ဖြစ်နေသည်မှာ ကလပ်အသင်းထံ၌ ပုံမှန် ပွဲထွက်ကစားသမားအဖြစ် နေရာရနိုင်ရေးပင် ဖြစ်သည်။

တိုရီနိုအသင်းဥက္ကဋ္ဌ အမ်ဘာတို ကိုင်ရိုသည် ၎င်းတို့၏တိုက်စစ်မှူး ဘီလော့တီကို ခေါ်ယူလိုပါက စာချုပ်ဖျက်သိမ်းခ တန်ကြေး ပေါင် ၈၈ သန်းကို အပြည့်အဝ ပေးချေရန် လိုအပ်လိမ့်မည်ဟု မန်ယူကို သတိပေးစကား ပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိတွင် မန်ယူက ဆူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်ကို ကြားခံထား၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၇၀ ဖြင့် ဘီလော့တီ အပြောင်းအရွှေ့ကို ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်သည်။


  • VIA