News

POST TYPE

POPULAR POST

မိုးရာသီ ယာဉ်မောင်းနှင်ခြင်း
12-Jun-2017
မိုးရာသီကို ရောက်ရှိလာတာနဲ့အမျှ ယာဉ်မတော်တဆ ဖြစ်ပေါ်နိုင်တဲ့ အချက်တွေ၊ သတိထားသင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေနဲ့ ဝါရင့်ယာဉ်မောင်းတွေကို တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

“ကားကို အရှိန်နဲ့ မောင်းတာမျိုးတွေ ရှောင်ပြီး ဂရုတစိုက် မောင်းသင့်ပါတယ်”
ဦးဇော်အောင် (ကိုယ်ပိုင်ယာဉ်မောင်း)

မိုးရာသီ ရောက်လာတဲ့အတွက် ကားနဲ့ပတ်သက်ပြီး ပြင်ဆင်ထားရတာတွေ များပါတယ်။ ကားမောင်းတဲ့အခါ ရေကြီးနိုင်မယ့် နေရာမျိုးတွေ ရှောင်မောင်းဖို့၊ မိုးရွာရင် ဘယ်လိုနေရာတွေမှာ ရေဝပ်တတ်လဲဆိုတာ သိအောင်လုပ်ထားရတယ်။ မဟုတ်ရင် ကားလည်းပျက်စီးမယ်။ ကားမပျက်စီးရင်တောင် လမ်းပိတ်တာ ဘာညာနဲ့ ကားမောင်းရတာ အဆင်မပြေနိုင်တာလေးတွေ ရှိပါတယ်။ နောက်တစ်ခုက ကားထားတဲ့အခါတွေမှာ ဆိုရင် မြို့ထဲမှာက အဆင်ပြေတဲ့ နေရာမှာပဲ ထိုးရတဲ့အတွက် မိုးရွာတဲ့အခါ ကိုယ်ထားတဲ့နေရာက ကားရေဝပ်နိုင်တဲ့ နေရာမျိုးမှာ ထားမိခဲ့ရင်တော့ မော်တော်ပီကယ် ဖမ်းမှာလည်း မကြောက်တော့ဘူး။ ရေမဝပ်နိုင်တဲ့နေရာမှာ ဖြစ်သလို ထိုးရတဲ့ အခါမျိုးတွေလည်း ရှိတယ်။ တချို့တတ်နိုင်တဲ့သူတွေကတော့ မိုးတွင်းအတွက်လည်း အဆင်ပြေအောင် ကားအမြင့်တွေ လဲတာမျိုးပေါ့။ ဥပမာ-လန်ခရူဇာတို့ ဘာတို့လဲထားတာမျိုးတွေ လုပ်တာပေါ့။ နောက်တစ်ခုက ကားအပိုင်းပေါ့။ မိုးရာသီမှာ ကားကို တာယာပိုင်းတွေ သေသေချာချာ စစ်ဆေးဖို့ လိုတယ်။ တာယာမကောင်းရင် စလစ်ဖြစ်ပြီး ယာဉ်မတော်တဆ ဖြစ်နိုင်ခြေများတဲ့အတွက် တာယာပါးတာတွေကို ဂရုတစိုက်နဲ့ စစ်ဆေးရတယ်။ လဲသင့်ရင် လဲရတယ်။ နောက်တစ်ခုက ဝိုက်ပါကောင်းဖို့လည်း လိုတယ်။ မိုးရွာတဲ့အခါ ဝိုက်ပါက မသုံးလို့ကို မရတာမျိုးမို့ တခြားအချိန်တွေမှာ ဝိုက်ပါမကောင်းရင် ဘာမှသိပ်ပြဿနာ မရှိပေမယ့် မိုးရာသီမှာတော့ အထူးဂရုစိုက်သင့်ပါတယ်။ နောက်တစ်ခုက မိုးရာသီရောက်တဲ့အခါမှာ ကားကို အရှိန်နဲ့ မောင်းတာမျိုးတွေ ရှောင်ပြီး ဂရုတစိုက် မောင်းသင့်ပါတယ်။

“ကားမောင်းတာ ဂရုစိုက်ရတဲ့အပြင် ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေ အတက်အဆင်းကအစ ဂရုစိုက်ရတာမျိုးတွေ ရှိတယ်”
ဦးငြိမ်းချမ်းဇော် ( ၂၆ YBS ယာဉ်မောင်း)

လက်ရှိမိုးရာသီမှာ ကားမောင်းရတဲ့အခါ ဘာတွေတွေ့ရလဲဆို တချို့နေရာတွေမှာ ရေကြီးနေတာမျိုးတွေ ရှိတယ်။ အဲလိုရေကြီးနေတဲ့အတွက် ကားမောင်းတဲ့အခါ အဆင်မပြေတာလေးတွေ ရှိတတ်တယ်။ နောက် ရေကိုလည်း ထိန်းမောင်းရတယ်။ ဘေးနားက ပတ်ဝန်းကျင်ကိုလည်း ကြည့်ပြီး မောင်းရတာမျိုးတွေ ရှိပါတယ်။ ကားမောင်းတဲ့အခါ အခက်အခဲ ဖြစ်တာလေးတွေက မိုးရွာတဲ့အတွက် လမ်းတွေမှာ ရေကျန်တတ်တယ်။ အဲလိုနေရာတွေမှာ ထိန်းမောင်းရတာမျိုးတွေ၊ မိုးများရင် ကားလမ်းပိတ်ဆို့မှုတွေရှိတဲ့ အတွက် အချိန်ကြာတာမျိုးတွေ ရှိပါတယ်။ အဓိက ချိုင့်တွေ အများဆုံး နေရာတွေက ဒဂုံမြောက်ပိုင်းလို နေရမျိုးတွေပေါ့နော်။ နောက် ဂရုစိုက်ရတာ ခရီးသည်တွေ၊ ပြီးတော့ မိုးတွင်းဖြစ်တဲ့အတွက် ကားမောင်းတာ ဂရုစိုက်ရတဲ့အပြင် ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေ အတက်အဆင်းကအစ ဂရုစိုက်ရတာမျိုးတွေ ရှိတယ်။ နောက်တစ်ခုက မိုးတွင်းဖြစ်တဲ့အတွက် ညနေဘက် ကားသိမ်းပြီဆို စပယ်ယာတွေကို ကားအောက်ပိုင်း စစ်ဆေးခိုင်းတာမျိုးတွေ၊ တစ်ပတ်တစ်ခါ ဝပ်ရှော့သွားပြရတာမျိုးတွေက ကားကြံ့ခိုင်မှုရှိဖို့ အတွက် လုပ်ပါတယ်။ မိုးရာသီဖြစ်တဲ့အတွက် ဘရိတ်တို့၊ ဝိုက်ပါတို့ကို စစ်ဆေးရတယ်။ ဒါကတော့ အဓိကစစ်ရတဲ့ အပိုင်းတွေပေါ့။ မိုးတွင်းမှာ ကားကို အဓိက ဂရုစိုက်ရတာက လမ်းတွေမှာ ချောဆီတို့ ဘာတို့ ဖိတ်တဲ့နေရာတွေဆို လမ်းချော်ပြီး စလစ်ဖြစ်နိုင်တာမို့ ယာဉ်မောင်းတိုင်း ယာဉ်မတော်တဆမှုတွေ မဖြစ်အောင် ဂရုတစိုက်နဲ့ မောင်းစေချင်ပါတယ်။            

“မိုးရာသီဖြစ်တဲ့အတွက် အဓိကက ကားတာယာကို ဂရုစိုက်ရမယ်”
ဦးနေဝင်း (အငှားယာဉ်မောင်း)

မိုးရာသီမှာ ယာဉ်မောင်းတစ်ယောက် အနေနဲ့ ကားမောင်းတဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိလည်း ဆိုတော့ တချို့နေရာတွေမှာ ကောင်းတဲ့နေရာတွေ ရှိသလို လမ်းဆိုးတဲ့ နေရာတွေ ရှိပါတယ်။ သာမန်အချိန်ဆို လမ်းမှာ ချိုင့်ဖြစ်နေတာတွေက သိပ်မသိသာပေမယ့် အခုလို မိုးရာသီ ရောက်လာတဲ့ အခါတွေမှာဆို ချိုင့်တွေမှာ ရေဝပ်တဲ့အတွက် ကားမောင်းတဲ့အခါ အရင်ကထက် ပိုသတိထား မောင်းရတယ်။ အထူးသဖြင့် ပါရမီကနေ ထွက်သွားရင် ပုဏ္ဏမီ မှတ်တိုင်နားမှာ တစ်ချက်ဖြစ်တယ်။ နောက်တစ်ခုက တောင်ဥက္ကလာ စာတိုက်နဲ့ ဒီဘက် သံလမ်းနဲ့ ဗဟိုဈေးနားတွေဆို ရေတွေဝပ်ပြီး လမ်းပျက်စီးတာ များတယ်။ နောက်ပြီးတော့ မိုးရာသီဖြစ်တဲ့အတွက် အဓိကက ကားတာယာကို ဂရုစိုက်ရမယ်။ နောက် မိုးရာသီမှာ မလုပ်သင့်တဲ့ အချက်က ကားကို အရှိန်ပြင်းပြင်း မမောင်းသင့်ဘူး။ အရှိန်ကို ထိန်းထိန်းသိမ်းသိမ်း မောင်းသင့်တယ်။ ဒါက အဓိကကျပါတယ်။ မိုးရာသီမှာ ယာဉ်မောင်းတစ်ယောက် အနေနဲ့ ဂရုစိုက်ရမယ့်အချက်က ယာဉ်အောက်ပိုင်းကို ဂရုစိုက်ရမယ်။ ထို့အတူပဲ တာယာလေးလုံးလုံး ကောင်းရမယ်။ တာယာကို လေပေါင် မှန်မှန်ချိန်ရမယ်။ မြင်ကွင်းရှင်းအောင် အတွက်ကျ ကားဝိုက်ပါကို သေချာစစ်ဆေးရမယ်။ မိုးရာသီမှာ ကားမတော်တဆမှု ဖြစ်တာတွေကတော့ ညပိုင်းတွေမှာ အဖြစ်များတာ တွေ့ရတယ်။ နေ့ဘက်တွေ ဆိုရင်တော့ မိုးရာသီလည်း ဖြစ်တဲ့အတွက် ကားကို ဂရုတစိုက် မောင်းကြတယ်။ ညဘက်ကျ သောက်ထားစားထားတာလေးလည်း ရှိတယ်၊ မိုးကလည်း ရွာနေမယ်၊ ကိုယ်တိုင်ကလည်း တခြားကို အာရုံရောက်နေမယ်ဆို အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် ဂရုစိုက်ပြီး မောင်းသင့်ပါတယ်။
                                                               
ခိုင်ချယ်ရီထွန်း