News

POST TYPE

POPULAR POST

၂၀၁၇ ပထမလေးလပတ် ကမ္ဘာ့အင်တာနက် ရယူသုံးစွဲနိုင်မှု အမြန်နှုန်း ထုတ်ပြန်
12-Jun-2017 tagged as နည်းပညာ

ဝါရှင်တန်၊ ဇွန် ၁၁

ကမ္ဘာ့အင်တာနက် သုံးစွဲမှု အမြန်ဆုံးရရှိသည့် ၂၈ နိုင်ငံ စာရင်းကို ၂၀၁၇ ခုနှစ်၊ ပထမ လေးလပတ်အဖြစ် Akamai Technologies အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းအား Reuters သတင်းတွင် ဖော်ပြထားသည်။ 

Akamai အဖွဲ့က First Quarter, 2017 State of the Internet Report အဖြစ် ထုတ်ပြန်သည့် စာရင်းတွင် ဗြိတိန်နိုင်ငံသည် 26 Mbps (တစ်စက္ကန့်လျှင် ၂၆ မီဂါဘစ်) နှုန်းဖြင့် အင်တာနက်ကို အမြန်ဆုံး ရရှိစေရန် လုပ်ဆောင်ပေးနိုင်သည့် နံပါတ်တစ်နေရာတွင် ရှိနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

နိုင်ငံပေါင်း ၆၂ နိုင်ငံမှ အင်တာနက် သုံးစွဲနိုင်မှု စာရင်းများကို ပြုစုပြီးနောက် ၂၀၁၇ ခုနှစ် ပထမ လေးလပတ်အတွင်း အင်တာနက် အမြန်နှုန်းများကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း Akamai အဖွဲ့က ပြောကြားသည်။ 

လေ့လာတွေ့ရှိချက်အရ ကမ္ဘာ့အင်တာနက် အမြန်ဆုံးနှုန်းကို ရရှိစေရန် လုပ်ဆောင်ပေးနိုင်သည့် ထိပ်တန်း ၁၀ နိုင်ငံမှာ ဗြိတိန် (26 Mbps)၊ ဂျာမနီ (24.1 Mbps)၊ ဖင်လန် (21.6 Mbps)၊ ပြင်သစ် (17.4 Mbps)၊ နော်ဝေ (17.3 Mbps)၊ ဒိန်းမတ် (16.6 Mbps)၊ ဘယ်လ်ဂျီယန် (16.2 Mbps)၊ ရိုမေးနီးယား (15.9 Mbps)၊ သြစတြေးလျ (15.7 Mbps)၊ ဂျပန် (15.6 Mbps) တို့ ဖြစ်သည်။ 

အင်တာနက် အစီရင်ခံစာကို ထုတ်ပြန်သည့် Akamai အဖွဲ့သည် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ကင်းဘရစ်ခ်ျတွင် အခြေစိုက်ထားပြီး ထင်ရှားကျော်ကြားသော အင်တာနက်၊ မီဒီယာ၊ ဆော့ဖ်ဝဲ၊ လုံခြုံရေး ဝန်ဆောင်မှုများကို ပေးနေသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ကြောင်း Reuters တွင် ရေးသားထားသည်။

Akamai အဖွဲ့၏ အယ်ဒီတာတစ်ဦးဖြစ်သူ ဒေးဗစ် ဘယ်လ်ဆန်က နိုင်ငံတကာတွင် အင်တာနက် သုံးစွဲနိုင်သည့် အမြန်နှုန်းများကို မြင့်မားလာစေရန် လုပ်ဆောင်လာကြပြီး နှစ်အနည်းငယ်အတွင်းမှာပင် အပြိုင်အဆိုင် တိုးတက်လာကြသော်လည်း အမေရိကန်ပြည်ထောင်စုသည် ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင်ပင် မပါကြောင်း၊ လက်ရှိ ကမ္ဘာ့အဆင့် နံပါတ် ၂၈ နေရာတွင် ရှိနေပြီး အမြန်နှုန်းမှာ (10.7 Mbps) ခန့်သာ ဆောင်ရွက်ပေးနိုင်သေးကြောင်း ပြောကြားသည်။

ကမ္ဘာ့အင်တာနက် ပျမ်းမျှအမြန်ဆုံးမှာ 7.2 Mbps ဖြစ်ပြီး အင်တာနက်ကို သုံးစွဲလာခဲ့သည့် နှစ်ကာလများတွင် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်မြင့်မားလာခဲ့ခြင်း ဖြစ်သည်။ 

မိုဘိုင်းလ်အင်တာနက် သုံးစွဲမှုတွင် အမေရိကန်ပြည်ထောင်စုသည် ထိပ်တန်းအသုံးအများဆုံး နိုင်ငံစာရင်းတွင် ရှိခဲ့သော်လည်း 18 Mbps နှုန်းခန့်သာ အမြန်နှုန်းကို လုပ်ဆောင်ပေးနိုင်ခဲ့ပြီး၊ ယခုနှစ် ပထမလေးလပတ် မိုဘိုင်းလ် အင်တာနက် အမြန်ဆုံးနှုန်းကို ရရှိစေရန် ဆောင်ရွက်ပေးနိုင်သည့် နိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်ကာ 185.5 Mbps နှုန်းအထိ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်ွး Reuters သတင်းတွင် ရေးသားထားသည်။