News

POST TYPE

POPULAR POST

အခက်အခဲ ကြီးကြီးမားမားကြုံလျက် ရှိသည့် အသင်းများကိုသာ တာဝန်ယူ ကိုင်တွယ်ခဲ့ကြောင်း မော်ရင်ညို ဖွင့်ဟ
12-Jun-2017
လန်ဒန်၊ ဇွန် ၁၂

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏ နည်းပြဘဝ ဖြတ်သန်းမှုအတွင်း အခက်အခဲ ကြီးကြီးမားမား ကြုံဆုံရင်ဆိုင်နေရသည့် အသင်းများကို တာဝန်ယူ ကိုင်တွယ်ရန်သာ ဆုံးဖြတ်ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး အခက်အခဲများကြားမှနေ၍ အောင်မြင်မှုရှိရာဆီသို့ တက်လှမ်းရခြင်းကို ၎င်းအနေနှင့် လွန်စွာခုံမင်နှစ်ခြိုက်ကြောင်းလည်း မော်ရင်ညိုက ပြောကြားသွားခဲ့သေးသည်ဟု ပေါ်တူဂီသတင်းစာ Expresso က ဖော်ပြထားသည်။

မော်ရင်ညိုသည် အကျပ်အတည်း ကြုံနေရသည့် အသင်းများကို တာဝန်ယူ ကိုင်တွယ်ရန် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ရလေ့ ရှိကြောင်းလည်း အသိပေးထားပြီး ယင်းသို့သော အသင်းများကို တာဝန်ယူရသည်မှာ ဖိအားနှင့် စိန်ခေါ်မှု ပမာဏ လွန်စွာကြီးမားလွန်းသည်ဟု မော်ရင်ညိုက ရှင်းပြခဲ့သေးသည်။

မော်ရင်ညိုသည် ၎င်း၏ နည်းပြဘဝ ဖြတ်သန်းမှုအတွင်း အလွယ်လိုက်ခဲ့သည်ဟူ၍ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ကြောင်း ဝင့်ကြွားသွားခဲ့ပြီး ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်နှင့် မန်ယူတို့ကို ၎င်းက အကျပ်အတည်းများကြားမှနေ၍ ကယ်တင်ပေးခဲ့သည်မှာ ငြင်းမရနိုင်သည့် သမိုင်းတစ်ခုပင် ဖြစ်ကြောင်းလည်း မော်ရင်ညိုက မှတ်ချက်စကား ဆိုသွားခဲ့သေးသည်။

Expresso သတင်းစာနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ဘယ်အသင်းကို တာဝန်ယူမလဲလို့ ရွေးချယ်ဖို့ ကြုံလာချိန်တိုင်းမှာ ကျွန်တော်က အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းတွေကို တာဝန်ယူဖို့ပဲ ကျွန်တော်က လိုလားလို့ပါ။ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူတို့ဟာ တကယ့်ကို ကြီးမားလှတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကျွန်တော့်ကို ခေါ်ယူခဲ့တာပါ။ ဖိအားနဲ့ စိန်ခေါ်မှုဒဏ်တွေက ကျွန်တော့်အတွက် မထူးဆန်းတော့ဘူးလို့တောင် ဆိုနိုင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

မော်ရင်ညိုသည် လက်ရှိတွင် အသင်းအတွက် ကစားသမားသစ်များ ခေါ်ယူမည့်ကိစ္စကို အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်ထံသို့ လက်လွှဲထားလိုက်ပြီ ဖြစ်ပြီး ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်နှင့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာတို့မှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိရန် သေချာလုနီးပါး ရှိနေပြီ ဖြစ်သည်။