News

POST TYPE

POPULAR POST

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အနီးရှိ Morning Star စားသောက်ဆိုင်ကို အင်အားသုံး ဖယ်ရှား
12-Jun-2017
ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အနီးရှိ သစ်တောဦးစီးဌာနပိုင် မြေနေရာတွင် ကျူးကျော်ဖွင့်လှစ်ထားသည့် Morning Star စားသောက်ဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိ အဖွဲ့အသီးသီးမှ ရှင်းလင်းခဲ့သည်။

အဆိုပါဆိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း၏ ခင်ပွန်း ဦးကျော်စိုးမိုး ပိုင်ဆိုင်သော စားသောက်ဆိုင် ဖြစ်သည်။

ယင်းဆိုင်ကို သစ်တောဦးစီးဌာနပိုင် ဝ.၄၁၄ဧက မြေပေါ်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး  ဇွန်လ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ပြီး သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ဝန်ထမ်းအင်အား ၂၉၀ ကျော် အသုံးပြုကာ ရှင်းလင်းဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

“ဒီမြေက သစ်တောဦးစီးဌာနပိုင်မြေ ဖြစ်တယ်။ ဒီမြေပေါ်က စားသောက်ဆိုင်ကို တရားဥပဒေနဲ့အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ဖယ်ရှားတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမော်က ပြောကြားသည်။

စားသောက်ဆိုင်ကို ၂၀၁၃ ခုနှစ် သြဂုတ်လမှစ၍ အပြီးအပိုင် ဖယ်ရှားပေးရန် သစ်တောဦးစီးမှ အကြောင်းကြားစာကို ဦးကျော်စိုးမိုးထံ ပေးပို့ခဲ့သည်။ ထိုသို့ နို့တစ်စာ နှစ်ကြိမ်တိုင် ပေးပို့ခဲ့သော်လည်း ဖယ်ရှားပေးခြင်း မရှိသောကြောင့် ဇွန်လ ၁၁ ရက်၌  ၁၉၉၅ ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေ အရ တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် ရှင်းလင်းဖယ်ရှားခဲ့သည်။

ယင်းသို့ နို့တစ်စာပေးပို့ခြင်းအတွက် Morning Star စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်စိုးမိုးက စားသောက်ဆိုင်ကို ဆက်လက်ဖွင့်ခွင့်ရရန် အယူခံ တင်သွင်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ဘဲ လက်ရှိအချိန်၌ ဖယ်ရှားပေးရန် သတ်မှတ်ကာလ ကျော်လွန်ပြီ ဖြစ်သောကြောင့် ဥပဒေဆိုင်ရာ လုပ်နည်းလုပ်ထုံးများနှင့်အညီ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။

ယခု ရှင်းလင်းပြီးသော Morning Star စားသောက်ဆိုင် မြေနေရာကို ပြည်ထောင်စုအစိုးရ ရုံးညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမော်က ပြောသည်။

ယင်းစားသောက်ဆိုင် ဖယ်ရှားစဉ် သိမ်းဆည်းထားသည့် ပစ္စည်းများကို စာရင်းပြုစုထားပြီး ကြို့ကုန်းသစ်တောဝင်းရှိ ဂိုဒေါင်တွင် ထိန်းသိမ်းထားရှိမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အလားတူ Morning Star စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်စိုးမိုးကို မင်္ဂလာတောင်ညွှန့် ရဲစခန်းတွင် သစ်တောဦးစီးဌာနမှ အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေဖြင့် အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်သည်။

Morning Star စားသောက်ဆိုင် မြေနေရာကို ၂၀၀၂ ခုနှစ်တွင် သစ်တောဦးစီးဌာနထံမှ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လျှင် ၃၇ သိန်း ရှစ်သောင်းနှုန်းဖြင့် သုံးနှစ်စာ ငှားရမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် တစ်နှစ်စာငှားရမ်းခ ကျပ် ၁၁၈ သိန်းဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၃  သြဂုတ်လမှ ဖယ်ရှားခံရသည့် ၂၀၁၇ ခုနစ်အထိ ငှားရမ်းခ ကောက်ခံမှု မပြုခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါ စားသောက်ဆိုင် ဖယ်ရှားခံရခြင်းနှင့် ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းထံ ဆက်သွယ်မေးမြန်းရာတွင် မှတ်ချက်ပေး ပြောဆိုခြင်း မရှိခဲ့ပေ။

J-09