News

POST TYPE

POPULAR POST

ပျောက်ဆုံး တပ်မတော်လေယာဉ် ငါးရက်မြောက် ရှာဖွေ၊ ရုပ်အလောင်း ၅၉ လောင်း ဆယ်ယူရရှိ
ရန်ကုန်၊ ဇွန် ၁၁

ထားဝယ်မြို့အနီး ပင်လယ်ပြင် အတွင်း ဇွန်လ ၇ ရက်က ပျက်ကျခဲ့သော တပ်မတော်လေယာဉ်မှ ရှာဖွေရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိရာ ယနေ့ညနေပိုင်းအထိ ရုပ်အလောင်း ၂၆ လောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အလောင်းတွေ့ရှိမှုသည် ယနေ့အထိ ၅၉ လောင်းရှိပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ယနေ့သည် လေယာဉ်ပျောက်ဆုံးခဲ့သည့်နေ့မှ ငါးရက်မြောက်နေ့ဖြစ်ပြီး အဆိုပါ လေယာဉ်ပေါ်တွင် လေယာဉ်စီး ခရီးသည်နှင့် ဝန်ထမ်း စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာခဲ့ခြင်း ဖြစ်သည် 

“နောက်ဆုံး ရှာဖွေရမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်လို့ ရသလောက်ကို ထုတ်ပြန်ပေးထားပါတယ်။ အကုန်လုံး စာရင်းရှိပါတယ်။ အဲ့ထက် ဘာမှထပ်မပြောနိုင်သေးပါဘူး။ ရှာဖွေကယ်ဆယ်မှုနဲ့ ပတ်သက်တာကို ပြောနိုင်သမျှ ထုတ်ပြန်ပေးပါမယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းက ဆိုသည်။

ဇွန်လ ၁၁ ရက်အထိက ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း ၅၉ လောင်းတွင် အမျိုးသား ရုပ်အလောင်း ၂၆ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၃ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်းနှင့် အတည်ပြုဆဲ ရုပ်အလောင်း (ကလေးတစ်၊ လူကြီးတစ်) နှစ်လောင်းတို့ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။

တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 သည် ဇွန်လ ၇ ရက်က မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း အရာရှိ၊ စစ်သည် ၃၅ ဦး၊ မိသားစုဝင် ၅၈ ဦး၊ ကလေး ၁၅ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦး စုစုပေါင်း လူဦးရေ ၁၂၂ ဦး လိုက်ပါခဲ့ခြင်းဖြစ်ပြီး ထာဝယ်မြို့၏ အနောက်တောင်ဘက် ၄၃ မိုင်ခန့် အကွာတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသော တပ်မတော် ပို့ဆောင်ရေးလေယာဉ်နှင့် ပတ်သက်၍ မကြာခင် ပြန်လည်ရှာတွေ့မည် ဖြစ်ကြောင်း၊ မရရအောင် ရှာဖွေမည်ဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဇွန်လ ၁၀ ရက်က ပြုလုပ်သည့် လေယာဉ်မတော်တဆမှုတွင် ပါဝင်သူ မိသားစုများအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုသည် ရာသီဥတုကြောင့် ဖြစ်နိုင်သည်ဟု ကနဦး သုံးသပ်ထားကြောင်း ယင်းနေ့က ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ဆိုနာအသုံးပြု၍ ရှာဖွေခြင်း၊ ရေငုပ်စစ်သည်များဖြင့် ရှာဖွေခြင်း၊ တပ်မတော်(လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြေပြင်တပ်များနှင့် ဒေသခံပြည်သူများ၊ ငါးဖမ်းစက်လှေများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နေကြောင်း ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။   

J-14