News

POST TYPE

POPULAR POST

မာရာဝီမြို့ ပြန်သိမ်းရေး ဖိလစ်ပိုင်စစ်တပ်ကို အမေရိကန် အထူးတပ်ဖွဲ့များ ကူညီ
12-Jun-2017
မနီလာ၊ ဇွန် ၁၀

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ IS နှင့် အချိတ်အဆက်ရှိ စစ်သွေးကြွများ လက်အောက် ရောက်ရှိနေသော မာရာဝီမြို့ကို ပြန်သိမ်းရန် ဖိလစ်ပိုင်စစ်တပ်ကို အမေရိကန် အထူးတပ်ဖွဲ့များက အကူအညီပေးနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အထူးတပ်ဖွဲ့များသည် နည်းပညာပိုင်း ပံ့ပိုးခြင်းသာဖြစ်ပြီး ဝင်ရောက်တိုက်ခိုက်ခြင်း မဟုတ်ဟု ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် တာဝန်စယူစဉ်က အမေရိကန်နှင့် ဆက်ဆံရေး မပြေမလည်ဖြစ်စဉ် အမေရိကန်တပ်များကို နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။

မေလ ၂၃ ရက်နေ့တွင် မာရာဝီမြို့ကို စစ်သွေးကြွများ အမှတ်မထင် တက်သိမ်းခဲ့ပြီး ကတည်းက စစ်တပ်က ဝန်းရံပိတ်ဆို့ကာ ပြန်သိမ်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ နောက်ဆုံးတိုက်ပွဲတွင် ဖိလစ်ပိုင် မရိန်းတပ်သား ၁၃ ဦး ကျဆုံးခဲ့သည်။

IS ၏ အလံနက် လွှင့်ထူထားသော ရာနှင့်ချီသော စစ်သွေးကြွများကို IS ၏ ဖိလစ်ပိုင်တောင်ပိုင်း စော်ဘွားဘွဲ့ ခံထားသူ အစ္စနီလွန် ဟက်ပီလွန်နှင့် မောက်တီ ညီအစ်ကို အိုမာနှင့် အဗ္ဗဒူလာတို့က ဦးဆောင်သည်ဟု သိရသည်။

မြို့ကို ပြန်သိမ်းရန် ကြိုးပမ်းမှုအတွင်း စုစုပေါင်း သေဆုံးသူ ဖိလစ်ပိုင်စစ်သည် ၅၈ ဦးအထိ ရှိသွားပြီဖြစ်ကာ စစ်သွေးကြွများဘက်မှ ၁၃၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ အရပ်သား အသေအပျောက်မှာ ၂၀ ဝန်းကျင် ရှိသည်။

သေဆုံးသူမျာထဲတွင် ဦးဆောင်သူ မောက်တီ ညီအစ်ကိုများပါ ပါဝင်သည်ဟု ယူဆရကြောင်း ဂျီဟတ်အုပ်စုများ၏ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်မှုများအရ ကောက်ချက်ချထားသော်လည်း အတည်မပြုနိုင်သေးပေ။

ဒုတိယဗိုလ်မှူးကြီး ဂျိုအာဟာရဲရားက ယင်းသတင်းမှာ စိစစ်ဆဲဖြစ်ပြီး အသေးစိတ် မသိရသေးဟုသာ ထုတ်ပြန်ခဲ့သည်။

မောက်တီညီအစ်ကို၏ လက်နက်ကိုင်တပ်ဖွဲ့ကို ထောက်ပံ့ပေးနေသည်ဟု ယူဆရသော ၎င်းတို့၏ မိဘများကိုလည်း ဖမ်းဆီးမိပြီဟု သိရသည်။

ဖိလစ်ပိုင်သည် ကက်သလစ်လူများစု နေထိုင်သည့် နိုင်ငံဖြစ်သော်လည်း မာရာဝီမြို့ ရှိရာ တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ မွတ်ဆလင် အများစု နေထိုင်ရာဖြစ်ပြီး မွတ်ဆလင် ခွဲထွက်ရေး ပုန်ကန်မှုများ ဖြစ်ပွားရာ ဒေသလည်း ဖြစ်သည်။ 

ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အထူးတပ်ဖွဲ့များက ကူညီကြောင်း ဒုတိယဗိုလ်မှူးကြီး ဟာရဲရားက အတည်ပြုခဲ့သော်လည်း တိုက်ခိုက်ရာတွင် ပါဝင်ခြင်း မဟုတ်ဟု အတည်ပြုသည်။

အဘူဆေယက်ဖ် စစ်သွေးကြွအဖွဲ့ကို ဖိလစ်ပိုင်စစ်တပ်က တိုက်ခိုက်ရေးတွင် အမေရိကန်တို့က အကူအညီပေးခဲ့သော်လည်း ၂၀၁၅ ခုနှစ် ယင်းအစီအစဉ်  ရပ်ဆိုင်းသွားပြီး ကတည်းက အသေးစား ထောက်ပံ့ပို့ဆောင်ရေးတွင်သာ အမေရိကန်စစ်ဘက်က ပါဝင်ပတ်သက်တော့သည်။

မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရာဇဝတ်ကောင်များကို ဥပဒေပ သတ်ဖြတ်ရန် နှိုးဆော်ထောက်ခံသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးယမန်နှစ် အာဏာရလာကတည်းက အမေရိကန်က အစဉ်တစ်စိုက် ဝေဖန်ခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး တင်းမာခဲ့သည်။ 

သို့သော်လည်းယခုနှစ် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် တက်လာချိန်တွင်မူ ဒူတာတေးနှင့် ဆက်ဆံရေး ပြန်လည်ပြေလည်ခဲ့သည်။

ဖိလစ်ပိုင်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ရက်စ်တီတူတိုပက်ဒီလာ ဂျူနီယာက  ဖိလစ်ပိုင် အမျိုးသားနေ့ဖြစ်သော ဇွန်လ ၁၂ ရက်နေ့တွင် မာရာဝီ တစ်မြို့လုံး ဖိလစ်ပိုင်နိုင်ငံတော်အလံ ပြန်လည်လွှင့်ထူနိုင်ရမည်ဟု ကြွေးကြော် ထားသည်။

ယခုအခါတွင် မြို့တွင်းခရိုင်သုံးခုတွင်သာ စစ်သွေးကြွများ ခြေကုပ်ယူနိုင်တော့ပြီး တစ်နေ့ထက်တစ်နေ့ အကြမ်းဖက်သမားတို့၏ နယ်ကျဉ်းလာပြီဟု ပက်ဒီလာ ဂျူနီယာက ပြောကြားခဲ့သည်။

မာရာဝီမြို့မှ စစ်သွေးကြွများတွင် နိုင်ငံခြားသားများ ပါဝင်နေပြီး ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ယီမင်၊ အိန္ဒိယနှင့် ရုရှားချေချင်ညာဒေသမှ အစ္စလာမ္မစ်စစ်သွေးကြွများ ဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

F-03