News

POST TYPE

POPULAR POST

မင်္ဂလာမန္တလေး တေးစီးရီး မိတ်ဆက်ပွဲ လူသတ်မှု ကျူးလွန်သူ လေးဦးကို ဖမ်းမိ
12-Jun-2017
မန္တလေး၊ ဇွန် ၁၁

ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ မင်္ဂလာမန္တလေး ဈေးဝယ်စင်တာအတွင်း ဇွန်လ ၁၀ ရက်နေ့ညက ကျင်းပသည့် တေးစီးရီး မိတ်ဆက်ဖျော်ဖြေပွဲ၌ လူငယ်အုပ်စုနှစ်စု ရန်ဖြစ်ရာမှ တစ်ဦး သေဆုံးသွားခဲ့ရာ လူသတ်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူငယ်လေးဦးကို ဖမ်းဆီးထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာမန္တလေး၏ ပရိုမိုးရှင်း ဧရိယာတွင် တေးသံရှင် Y-Zet ၏ တေးစီးရီး မိတ်ဆက်ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူများ ကခုန်ရာမှ ထိုးကြိတ်မှုများ ဖြစ်ပွားကာ လူသတ်မှုအထိ ဖြစ်ခဲ့ရကြောင်း မန္တလေးမြို့ အမှတ် (၁၁) နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

ညီညီလင်းမောင်နှင့် သူငယ်ချင်း သုံးဦးသည် ယင်းရှိုးပွဲအတွင်း ကခုန်ခဲ့ရာ အခြားလူငယ်တစ်ဦးကို တံတောင်ဖြင့် တွက်မိခဲ့ကြောင်း၊ ယင်းလူငယ်၏ သူငယ်ချင်းများနှင့် ညီညီလင်းမောင်တို့ သူငယ်ချင်းလေးဦး အပြန်အလှန် ထိုးကြိတ်ခဲ့ကြောင်း၊ ယင်းနောက် မင်္ဂလာမန္တလေး Block 2 နှင့် Block 3 အကြားရှိ Star Light လမ်းသွယ်တွင် ညီညီလင်းမောင်တို့အဖွဲ့ စကားပြောဆိုနေစဉ် လူငယ်အများအပြား ရောက်ရှိလာပြီး သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအရာရှိက ရှင်းပြသည်။

ယင်းသို့ ရိုက်နှက်ရာ ညီညီလင်းမောင်၏ သူငယ်ချင်းသုံးဦး ထွက်ပြေးလွတ်မြောက်သော်လည်း ညီညီလင်းမောင် အနေနှင့် ဦးခေါင်းကို သံတုတ်ဖြင့် ရိုက်နှက်ခံရပြီး လဲကျသွားရာ ထွက်ပြေးနိုင်ခြင်းမရှိဘဲ ထပ်မံရိုက်နှက်ခြင်းခံခဲ့ရကြောင်း၊ မင်္ဂလာမန္တလေး လုံခြုံရေးများနှင့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သူများကို ဖမ်းဆီးကာ ညီညီလင်းမောင်ကို့ ဆေးရုံ သို့တင်ပို့စဉ် သေဆုံးခဲ့ရကြောင်း ရဲမှုခင်းကြေးနန်းအရ သိရသည်။

လူသေသည်အထိ သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်သူဟု တိုင်ကြားခံရသူများမှာ အသက် ၂၀ အရွယ်ရှိ အောင်ကိုကို၊ ၁၉ နှစ် အရွယ်ရှိ ဇေယျာထွန်း၊ ၁၈ နှစ် အရွယ်ရှိ လင်းထက်ရှိန်နှင့် ၁၇ နှစ် အရွယ်ရှိ ယောက်ျားလေးတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းက (ပ) ၃၀၈/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ဓာတ်ပုံ - ချမ်းမြသာစည် ရဲတပ်ဖွဲ့

M-04