News

POST TYPE

POPULAR POST

အိမ်ဖောက်ထွင်းသည့် ရဲတပ်ကြပ်ကို ဖမ်းမိ
05-Jun-2017 tagged as ခိုးမှု

ရန်ကုန်၊ ဇွန် ၎

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးအနီး မြောင်းကြီးလမ်းရှိ ပထမထပ် တိုက်ခန်းတစ်ခန်းအား ဖောက်ထွင်းပြီး လက်ဝတ်ရတနာများနှင့် ငွေကျပ် ၇၂ သိန်း ခိုးယူသွားသည်ဟု ယူဆရသည့် ရဲတပ်ကြပ်တစ်ဦးကို ဇွန်လ ၃ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဖမ်းမိသူ ရဲတပ်ကြပ်မှာ ကျိုက္ကဆံရှိ ရဲလိုင်းခန်းတွင် နေထိုင်သူဖြစ်ပြီး မေလ ၂၁ ရက် မွန်းလွဲပိုင်းက မြောင်းကြီးလမ်းရှိ ပထမထပ် တိုက်ခန်းတစ်ခန်းအား ဖောက်ထွင်းပြီး လက်ဝတ်ရတနာများနှင့် ငွေကျပ် ၇၂ သိန်း ခိုးယူခဲ့ကြောင်း စစ်ဆေးထွက်ဆိုချက်အရ သိရသည်။ 

“ဖမ်းဆီးခံရသူက ရဲတီးဝိုင်းဌာန ဖျော်ဖြေရေးဌာနစုက အရပ်သား ပညာရှင် (ဆွဲခန့်)ကပါ။ ခိုးမှုကျူးလွန်တဲ့နေ့က AD Van ကားနဲ့ လာသွားတယ် ဆိုတာကို တိုက်အောက်မှာ တပ်ထားတဲ့ CCTV မှတ်တမ်းကနေ ရခဲ့တယ်။ စုံစမ်းရာက သူ့ကို မနေ့က ဖမ်းမိခဲ့ပြီး ခိုးယူထားတဲ့ သက်သေခံပစ္စည်း တစ်ဝက်ကို ပြန်သိမ်းဆည်းရမိထားပါတယ်” ဟု ရဲအရာရှိက ပြောသည်။ 

ဖောက်ထွင်းခံရသည့် တိုက်ခန်းမှာ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲက တိုက်ခန်းပိုင်ရှင်ဖြစ်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးမှ မိခင်ဖြစ်သူအား နေအိမ်တွင်ထား၍ ပုဇွန်တောင်ဈေးသို့ သွားခဲ့သည်။ ယင်းနောက် အသက် ၇၄ နှစ်အရွယ် မိခင်ဖြစ်သူက မွန်းလွဲ ၂ နာရီခွဲတွင် နေအိမ်တိုက်ခန်း တံခါးပိတ်၍ ရေကျော်လမ်းရှိ သမီးငယ်ဖြစ်သူ၏ နေအိမ်သို့ သွားစဉ် အိမ်ရှိ လက်ဝတ်ရတနာများနှင့် ငွေကျပ် ၇၂ သိန်းမှာ ဖောက်ထွင်းခိုးယူခံရကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“တိုက်ခန်းတံခါး နှစ်ထပ်ဖြစ်တဲ့ သံပန်းတံခါးနဲ့ ကျွန်းတံခါးက အိမ်ရှင်တွေ ပြန်လာချိန်မှာ ဟနေတယ်။ အိမ်ထဲ စစ်ဆေးကြည့်တော့ ဗီရိုထဲက လက်ဝတ်ရတနာပစ္စည်းတွေနဲ့ ငွေတွေ ပျောက်နေတာတွေ့လို့ ရဲစခန်းလာ အမှုဖွင့်တိုင်ကြားတယ်၊ သွားစစ်ဆေးတော့ အခင်းဖြစ် နေအိမ်နားမှာ CCTV ရှိတာကြောင့် ပြန်စစ်ဆေးတော့ ဖောက်ထွင်းခံရတဲ့ နေအိမ်နား လာသွားတဲ့ AD Van တစ်စီးကို တွေ့လိုက်တယ်။ ကားနံပါတ် စုံစမ်းပြီး လိုက်ရာက ခိုးမှုကျူးလွန်သူကို ဖမ်းမိခဲ့တာပါ” ဟု ရဲအရာရှိက ဆိုသည်။ 

ယင်းခိုးမှုအား ပုဇွန်တောင်မြို့မ ရဲစခန်းမှ (ပ) ၁၀၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းမိသူ ရဲတပ်ကြပ်တွင် အခြားကျူးလွန်ခဲ့သည့် ပြစ်မှုများရှိမရှိ စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03