News

POST TYPE

POPULAR POST

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအား လာဘ်စားသည်ဟု စွပ်စွဲပြောဆိုသူကို ဖမ်းမိ
03-Jun-2017 tagged as


ရန်ကုန် ဇွန် ၃ 

မြောက်ဒဂုံမြို့နယ်ရှိ မြေကိုးဧက ဂရမ်အမြန်ပြန်ရလိုသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းအား ငွေကျပ် ၁၂ သိန်း လာဘ်ငွေပေးအပ်ခဲ့ရကြောင်း ခွင့်ပြုချက်မရှိဘဲ ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်ချောကေခိုင်တို့ကို ယနေ့ (ဇွန် ၃ ရက်)မွန်းလွဲ ၂ နာရီက ကျောက်တံတားမြို့နယ် ၃၈ လမ်းတွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တာမွေမြို့မ ရဲစခန်းတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူခံရသူ မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်ချောကေခိုင်မှာ ဇွန်လ ၂ ရက်နေ့က သက်ဆိုင်ရာ အာဏာပိုင်များ တားဆီးနေသည့်ကြားမှ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ အဂတိလိုက်စားမှုကို လူထုသိစေရန်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်က တော်ဝင်နှင်းဆီနှင့် ယုဇနဟိုတယ်တို့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရန် ကြိုးစားခဲ့သော်လည်း လက်မခံသောကြောင့် တာမွေဟစ်တိုင်ကွင်းအနီး လမ်းဘေးတွင် ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူအချို့ လာရောက် တားဆီးခဲ့သော်လည်း ဆက်လက် ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့ နှစ်ဦးကို တာမွေမြို့မ ရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ဇွန်လ ၂ ရက်နေ့က အမှုဖွင့် အရေးယူခဲ့သည်။

ဖမ်းဆီးထားသည့် မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်ချောကေခိုင်ကို တာမွေမြို့မ ရဲစခန်းတွင် လတ်တလော စစ်ဆေးနေပြီး သတင်းမီဒီယာများ ဝင်ရောက် တွေ့ဆုံမေးမြန်းခွင့် မပြုသေးကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

S-03

  • TAGS