News

POST TYPE

POPULAR POST

နေပြည်တော်က ခွဲရေးတွဲရေး
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ပထမဆုံး နိုင်ငံရေးဆွေးနွေးပွဲဖြစ်ရာ နိုင်ငံရေးဆိုင်ရာ မကျေလည်မှု အချို့လည်း ပေါ်ထွက်ခဲ့သည်။ ယင်းတို့အနက် ခွဲရေးတွဲရေး ပြဿနာက ပွဲအဆူဆုံး ဖြစ်လာသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဆိုသည်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အလွယ်ဆိုရသော် နိုင်ငံရေး ပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် မရှင်းဘဲ နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် အဖြေရှာရေး ဖြစ်သည်။

လက်နက်ကိုင်နည်းလမ်းဖြင့် သူနိုင်ကိုယ်နိုင် တိုက်ခဲ့ကြသည်မှာ နှစ်ပေါင်း ခြောက်ဆယ်မကတော့။ 

ထိုနှစ်ပေါင်းခြောက်ဆယ်ကာလ အတွင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အများအပြား ပျက်သုဉ်းပျောက်ကွယ်ခဲ့သလို လက်နက်ကိုင်အဖွဲ့သစ်များလည်း အလျှိုလျှို ပေါ်ထွက်ခဲ့သည်။ ယနေ့ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ကျော် ရှိနေသည်။

ပြည်တွင်းစစ်ကာလအတွင်း နှစ်ဖက်တပ်သားများ၊ ဒေသခံပြည်သူများ ထောင်သောင်းမက အသက်ပေးခဲ့ရသလို စစ်ပွဲဖြစ်ပွားရာ ဒေသအသီးသီးမှ ပြည်သူသိန်းသန်းမက စစ်ဘေးဒုက္ခသည်များအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။ 

ပြည်တွင်းတစ်နေရာသို့ ထွက်ပြေးကြသလို နယ်စပ်ဖြတ်ကျော်ကာ ပြည်ပနိုင်ငံသို့ ဝင်ရောက်ခိုလှုံရသည်လည်း ရှိသည်။ ရာထောင်ချီသော စစ်ပြေးဒုက္ခသည်များသည်ပင် ဒုက္ခသည်စခန်းများမှ တစ်ဆင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ရွှေ့ပြောင်းရောက်ရှိသွားကြသည်။ 

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်များကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး အဖွဲ့အားလုံးနီးပါးနှင့် တစ်ဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေးစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ယင်းနောက်  တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို တစ်နှစ်ကျော် အချိန်ယူ ရေးဆွဲခဲ့သည်။

ယခု နေပြည်တော်တွင် တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့တို့  တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ရေးဆွဲချိန်က ဆွေးနွေးသဘောတူခဲ့သည့် ပုံစံဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးချိန်တွင်မူ အကြောင်းမတိုက်ဆိုင်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့သာ ပါလာခဲ့သည်။ ထိုရှစ်ဖွဲ့နှင့်ပင် အစပြု၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို စတင်နေသည်။ ညီလာခံ ကိုယ်စားလှယ်အဖြစ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့နှင့်  ပါဝင်သင့် ပါဝင်ထိုက်သူများ ပါသည်။

တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားသူ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များပါပြီး နိုင်ငံရေးပါတီ အစုအဖွဲ့တွင် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ် နေရာရရှိသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါသည်။

ယခုကျင်းပပြီးစီးခဲ့သည့် ညီလာခံမှာ သုံးကြိမ်မြောက်ဖြစ်ပြီး ယခင်နှစ်ကြိမ်က အရေးကြီးသော ဆွေးနွေးဆုံးဖြတ်မှုများ မလုပ်နိုင်ခဲ့ပါ။ သို့ဖြစ်ရာ ယခုတစ်ကြိမ်တွင် ရလဒ်ထွက်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာရန် အရေးကြီးသဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့သည်။

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု အတွက် အခြေခံရမည့်မူများကို ညီလာခံတွင် ချမှတ်ရန် ဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဟူ၍ ငါးခုရှိသည်။

စုစုပေါင်း အခြေခံမူဝါဒ ၄၁ ချက်ကို ညီလာခံမတိုင်မီ ပြင်ဆင်ခဲ့ကြသည်။ နိုင်ငံရေးကဏ္ဍတွင် အခြေခံမူ ၂၁ ချက် ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး ပွဲဆူခဲ့သည့်  ခွဲရေးတွဲရေး ပြဿနာက ဖက်ဒရယ် ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု) တွင် ပါဝင်သည်။

“နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ”။

နိုင်ငံရေးကဏ္ဍ အခြေခံမူ စုစုပေါင်း ၂၁ ချက်အနက် အထက်ပါ စာသားမှာ နံပါတ် ၁၂ တွင် ရှိသည်။

“ဒီဟာက တပ်မတော်က တင်တာတော့ မဟုတ်ဘူး။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လေးနေရာကနေ ပါလာတာ” ဟု ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဝင်လည်း ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ရှင်းပြသည်။

၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး အကြိုအဖြစ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ခြောက်ခု ကျင်းပသည်။ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် ဖြစ်သည်။ ကရင်နှင့် ချင်းမှအပ ကျန်လေးနေရာတွင် ခွဲမထွက်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး ညီလာခံသို့ သယ်ဆောင်လာခဲ့ကြသည်။

“ကရင်နဲ့ ချင်းမှာက အဲဒီစာသား မဆွေးနွေးဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လေးနေရာမှ သယ်ဆောင်လာသော ခွဲရေးတွဲရေး ပြဿနာသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကဏ္ဍအလိုက် ဆွေးနွေးခန်း အရောက်တွင် ပွဲဆူသည့်အကြောင်း ဖြစ်လာသည်။

တိုင်းရင်းသား အစုအဖွဲ့ အများအပြားက ယင်းစာသားသည် သာယာနာပျော်ဖွယ် မရှိ။ နားခါးစဖွယ် ဖြစ်နေသည်။ အားလုံးလက်ခံနိုင်သည့် စကားရပ်လည်းဖြစ် ခွဲမထွက်ရဟူသည့် အဓိပ္ပာယ်လည်း  ပါရအောင် စာသားပြောင်းရန် ကြိုးစားကြသည်။

သို့သော် အစိုးရ၊ တပ်မတော် အစုအဖွဲ့တွင် စိုးရိမ်ချက်က ရှိနေပြန်သည်။

ခွဲမထွက်ရဟူသည့် စကားရပ်ကို လက်မခံနိုင်လျှင် ခွဲထွက်မည့် သဘောလားဟု မေးခွန်းထုတ်သည်။

မည်သည့်အခါမျှ ခွဲမထွက်ပါဟု ကတိပေးမှသာ ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးကြီးသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာများကို ဆွေးနွေးအတည်ပြုရန် နှစ်ဖက်လွန်ဆွဲကြတော့သည်။ ခွဲမထွက်ဟု  ကတိမပေးနိုင်လျှင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း မဆွေးနွေးဟု အစိုးရ၊ တပ်မတော် အစုအဖွဲ့က ဆိုသည်။

ခွဲရေးတွဲရေး စာသားလွန်ဆွဲပွဲက ၂၁ ရာစုပင်လုံကို တစ်ရက် ထပ်တိုးစေသည်အထိ ဖြစ်လာသည်။

ညီလာခံခန်းမတွင် မပြေလည်ခဲ့သော အဆိုပါ စကားရပ် ပြဿနာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွင် ညှိနှိုင်းကြသည်။ ညီလာခံကိုယ်စားလှယ်အားလုံး  မပါဘဲ ခေါင်းဆောင်များ သီးသန့်ပါဝင်သော ကော်မတီ အစည်းအဝေးတွင်လည်း ယင်းစကားရပ် ပြဿနာ အဖြေမရှာနိုင်ခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်လုလု အခြေအနေရောက်အောင်အထိ အပြင်းအထန် ဆွေးနွေးခဲ့ရကြောင်း ပူးတွဲကော်မတီ အစည်းအဝေး တက်ရောက်ခဲ့သူများက  ပြန်လည်ဖောက်သည်ချသည်။ ညှိမရသည့် ပြဿနာအတွက် နောက်နောင် ညီလာခံများတွင်မှ အဖြေဆက်ရှာရန် ညီလာခံ ကိုယ်စားလှယ်အချို့က အလိုရှိသည်။

ကိုယ်စားလှယ်အချို့ကမူ ယခုညီလာခံတွင် ရလဒ်မထွက်လျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်ပြီဟု ဆိုသည်။

ယင်းတို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွင် ပေါ်ပေါက်ခဲ့သော အခြေအနေများ ဖြစ်သည်။ ထိုအစည်းအဝေးသို့  ဒေါ်အောင်ဆန်းစုကြည်လည်း အချိန်ပြည့် တက်ရောက်ခဲ့သည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခေါင်းခြောက်အောင် အဖြေရှာခဲ့ရသော ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

တိုင်းရင်းသား အစုအဖွဲ့များတွင်လည်း ဖိအားက ရှိနေနှင့်သည်။

ပထမဆုံးဖိအားမှာ လူမစုံသေးသော ပင်လုံအစည်းအဝေးများတွင် နိုင်ငံအတွက် အရေးကြီးသော အခြေခံမူများကို မချမှတ်လိုသေးခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အများအပြား ညီလာခံသို့ ရောက်မလာသေး။ ယင်းမှာ အဓိက အားနည်းချက် ဖြစ်နေသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ထောက်ပြသည်။

“အနာဂတ် ဖက်ဒရယ်နိုင်ငံ တည်ဆောက်မှုမှာ အရေးကြီးတဲ့ Stakeholders တွေဖြစ်တဲ့ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကျန်ရှိနေသေးတယ် ဆိုတာကို သတိပေးလိုပါတယ်”  ဟု စောမူတူးစေးဖိုးက ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“ကျွန်တော်တို့ NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး”

NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးများ ဖြစ်သည့် ကချင်၊ ရှမ်း၊ ကယား၊ မွန်၊ ပလောင်၊ ဝ၊ ကိုးကန့် အစရှိသည့် လက်နက်ကိုင် အများအပြား ကျန်နေသေးသည်။ 

“လူမစုံသေးချိန်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမချဘဲ ရှေ့ညီလာခံကို  သယ်သွားဖို့ ညှိနှိုင်းခဲ့ကြတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။

ယခုတစ်ကြိမ် အခြေခံမူအချို့ သဘောတူခဲ့သည်ကိုပင် ထင်ရှားသော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့က ဝေဖန်ခဲ့သေးသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ညီလာခံအပြီး နောက်တစ်ရက်တွင် အောက်ပါအတိုင်း ဆိုသည်။

“သက်ဆိုင်ရာ တိုင်းရင်းသားများကိုယ်တိုင် ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်များ မပါဝင်ဘဲ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့အရေး ဆွေးနွေးပြီး အောင်မြင်တဲ့အရွေ့လို့ ကြွေးကြော်နိုင်တာကတော့  အံ့သြဖွယ်ရာ သတ္တိပါပဲဗျာ”

ဗိုလ်ချုပ်ဂွန်မော်က သမ္မတရုံး ပြောရေးဆိုခွင့်ရ ဦးဇော်ဌေးကို ဆိုလိုဟန် ရှိသည်။

ခွဲရေးတွဲရေး ပြဿနာနှင့် ပွဲဆူခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်လုလု အခြေအနေကို ကျော်ဖြတ်ကာ ရှေ့ဆက်နိုင်ခဲ့ခြင်းက ကြီးမားသော အရွေ့တစ်ခု ဖြစ်ကြောင်း  နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးဇော်ဌေးက ညီလာခံ နောက်ဆုံးနေ့တွင် စာတစ်ပုဒ် ရေးသားခဲ့သည်။

ယင်းသို့ဖြင့် ‘နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ’ ဟူသည့်  စကားရပ်ကို နောက်နောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံအစည်းအဝေးများတွင်  ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။

ယခု တစ်ကြိမ်တွင် ညှိမရခဲ့သည့် ထိုစာသားကို ချန်ထားရစ်ခဲ့ကြသည်။

ခွဲမထွက်ရေး ကတိမရသဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အခြေခံမူများကိုလည်း ချန်ခဲ့ရသည်။

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုချင်ရင် ခွဲမထွက်ရမူကို လက်ခံရမယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်” ဟု တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖြစ် ညီလာခံသို့ တက်ရောက်ခဲ့သူ ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

သူက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်မှ ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဆွေးနွေးညှိနှိုင်းခဲ့သည့် လက်နက်ကိုင် ၁၆ ဖွဲ့တွင် မပါခဲ့သော်လည်း စာချုပ်လက်မှတ်ထိုးချိန်တွင်မူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် ရှေ့ဆုံးက ပါခဲ့သည်။

ခွဲမထွက်ရ စာသားကို လက်မခံလိုသည့် အဖွဲ့များတွင် ရှမ်းတိုင်းရင်းသားများက ရှေ့ဆုံးက ပါသည်။

ပင်လုံဟူသော အမည်နာမအောက်တွင် ကျင်းပနေသော ယခုညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျင်းပခဲ့သည့် ပင်လုံညီလာခံ၏ အငွေ့အသက်များကို ရှမ်းတိုင်းရင်းသားတို့ ပြန်လည်တောင့်တသည်။ ထိုပင်လုံတွင် ခွဲမထွက်ရဟု ကန့်သတ်ချက် မထားခဲ့။

ယခုတစ်ကြိမ်တွင် ခွဲမထွက်ရဟု ကန့်သတ်ချက်က တင်တင်စီးစီး နိုင်လှကြောင်း သူတို့ ခံစားနေရသည်။

ညီလာခံ အဆုံးသတ်တွင်မူ ပြည်ထောင်စုအတွက် အသက်တမျှ အရေးပါသော ထိုခွဲရေးတွဲရေး ပြဿနာကို ချန်ခဲ့ကြပြီး ကဏ္ဍအသီးသီးမှ အခြေခံမူ ၃၇  ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် လက်မှတ်ထိုးခဲ့ကြသည်။

ညီလာခံတစ်ကြိမ် ကျင်းပပြီးတိုင်း သဘောတူညီချက်များကို လက်မှတ်ထိုးကာ ပြည်ထောင်စု သဘောတူစာချုပ်၏  အစိတ်အပိုင်းအဖြစ် သတ်မှတ်မည် ဖြစ်သည်။ အနည်းဆုံး အချိန်သုံးနှစ်မှ ငါးနှစ်အထိကြာမည့် ညီလာခံ လုံးဝပြီးဆုံးချိန်တွင် ထိုပြည်ထောင်စု သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရမည်။

ယင်းမှတစ်ဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွက်လာရေး ဖြစ်သည်။

ယခုတစ်ကြိမ် ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးခုမှ အခြေခံမူ ၃၇ ချက် ချမှတ်ခဲ့ရာ နိုင်ငံရေးကဏ္ဍမှ ၁၂ ချက် ပါဝင်သည်။ လုံခြုံရေး ကဏ္ဍတွင်မူ သဘောတူညီချက် တစ်ခုမျှ မရခဲ့ပေ။

တစ်ခုတည်းသော တပ်မတော်ကို မည်သို့ ဖွဲ့စည်းတည်ဆောက်မည် ဆိုသည့် အပိုင်းတွင်ပင် ဆွေးနွေးမှု ရပ်ခဲ့သည်။

ခွဲရေးတွဲရေး ပြဿနာနှင့် လုံခြုံရေးကဏ္ဍမှာ တပ်မတော်နှင့် အဓိက သက်ဆိုင်နေသည်လည်းဖြစ်ရာ တပ်မတော် ကိုယ်စားလှယ်များ၏ စိုးရိမ်သံများကိုလည်း ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်။ ထိုစိုးရိမ်သံများနှင့် စကားလုံး လွန်ဆွဲပွဲများကို နောက်ထပ်လာမည့် ၂၁ ရာစု ပင်လုံ အစည်းအဝေးများတွင် မြင်ကြရပေဦးမည်။

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ဒီဇင်ဘာမကုန်မီ နေပြည်တော်တွင် ကျင်းပကြဦးမည်။

ထိုအချိန်သို့ ရောက်လျှင် ခွဲရေးတွဲရေး အသံများ မုချကြားရဦးမည်သာ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ မရှင်းနိုင်သေးသော ပြဿနာကို ရွှေ့လိုက်ခြင်းဖြင့် ပင်လုံညီလာခံ တစ်ခန်းရပ်လိုက်ပြီ ဖြစ်သည်။ 

နော်ကိုကို