News

POST TYPE

POPULAR POST

ခွေးလေခွေးလွင့် စောင့်ရှောက်သူ မမြတ်သက်မွန် ပုဒ်မ ၆၆/ဃဖြင့် တရားစွဲခံရမှု ဥပဒေအရ ရင်ဆိုင်မည်
ရန်ကုန်၊ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ တရားစွဲဆိုခြင်း ခံထားရသော်လည်း အာမခံရရှိပြီ ဖြစ်ပြီး မတရားသည့် တရားစွဲဆိုမှုအတွက် ထပ်မံညှိနှိုင်းတော့မည် မဟုတ်ဘဲ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားရုံးတွင် ဆက်လက်ရင်ဆိုင်မည် ဖြစ်ကြောင်း  မမြတ်သက်မွန်က ပြောကြားသည်။

မမြတ်သက်မွန်သည် ‘ခွေးလေးများ နားခိုရာ’ အမည်ရ ခွေးလေခွေးလွင့် စောင့်ရှောက်ရေးဂေဟာကို လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာတွင် တည်ထောင်ထားသူ ဖြစ်သည်။ 

၎င်းမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ လအတွင်းက အသရေဖျက်မှု ပုဒ်မ ၅၀ဝ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က တစ်ဆင့် စာရေးကာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများမှ တစ်ဆင့် အဆင့်ဆင့် ညှိနှိုင်းဖြေရှင်းခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။

“အသရေဖျက်မှု ဆိုတာကလည်း သူတို့ရုံးထဲမှာ သူတို့ကို ဆဲခဲ့တာ မဟုတ်ဘူး။  အိမ်ဖော်ကောင်မလေးကို ဒေါသထွက်လွန်းလို့ ပြောမိတာတော့ ရှိတယ်။ ၆၆ (ဃ) အမှုကတော့ Facebook မှာ ရေးတာတွေ ကိုစွဲတာ။ ကျွန်မရေးတာ သူတို့နာမည် မပါသလို ဘယ်သူ့နာမည်မှ မပါဘူး။ အမှုကိစ္စက အရှင်းကြီး။ မတရားလို့ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု မမြတ်သက်မွန်က ပြောဆိုသည်။

မမြတ်သက်မွန် အိမ်တွင်အကူ ခေါ်ထားသည့် မိန်းကလေးက ငွေခိုးယူမှုများ ရှိသည့်အတွက် ရဲစခန်းသို့ ပို့မည်ဟု ခြောက်လှန့်ဆုံးမခဲ့ရာတွင် နေအိမ်မှ ထွက်ပြေးခဲ့ကြောင်း၊ ထွက်ပြေးသည့်အချိန်တွင် ကိုယ်တိုင်ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့် တိုင်တန်းခဲ့ကြောင်း၊ အိမ်အကူကို  ရပ်ကွက်နေတစ်ဦးက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဖြစ်သည့်  ဒေါ်သီတာမောင်နှင့် ဦးသိန်းဇော်တို့ထံသို့ ပို့ဆောင်ခဲ့ကြောင်း၊ မမြတ်သက်မွန်က ရဲစခန်းသို့ လွှဲပေးရန် ပြောဆိုခဲ့ပြီး အဆိုပါ ရုံးထဲတွင် အိမ်အကူမိန်းကလေးကို ဆူငေါက်ခဲ့ကြောင်း၊ ထိုကိစ္စနှင့် စပ်လျဉ်း၍ အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရကြောင်း၊ ထို့ပြင် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ရေးသားခဲ့သည့်အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့်ပါ တရားစွဲခံထားရကြောင်း မမြတ်သက်မွန်က ဆိုသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ ရန်ကင်းမဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကို ဆက်သွယ်မေးမြန်းရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ဘာမှမပြောဆိုနိုင်ကြောင်း တရားရေး ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုသည်။ အလားတူ ရန်ကင်းမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

အစိုးရသစ် လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့် တရားရုံးတင်စွဲဆိုမှု စုစုပေါင်း ၆၇ ခုအထိ ရှိကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။