News

POST TYPE

POPULAR POST

သာကေတတွင် လမ်းပေါ်ထွက် ဝတ်ပြုသည့်အဖွဲ့ ဦးဆောင်သူကို တရားစွဲ
02-Jun-2017 tagged as သာကေတ

ရန်ကုန်၊ ဇွန် ၁

သာကေတမြို့နယ် အနော်မာရပ်ကွက်၊ အနော်မာ ၁၃ လမ်း (အနောက်) တွင် ခွင့်ပြုချက်မရှိဘဲ လမ်းပေါ်ဝတ်ပြုသည့် အစ္စလာမ်အဖွဲ့ကို ဦးဆောင်ခဲ့သူ မိုးဇော် (ခ) နုရှရင်ကို ရပ်ကျေးဥပဒေပုဒ်မ ၂၆ အရ သာကေတမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်းက The Voice သို့ ပြောကြားသည်။ 

“မေလ ၃၁ ရက်နေ့က သာကေတ တရားရုံးမှာ အနော်မာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုပြီး ရပ်ကျေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာပါ။ တရားသူကြီးက ပြစ်မှုကြီးအမှတ် ၆၁၉/၁၇ နဲ့ လက်ခံစစ်ဆေးခဲ့တယ်၊ ဒီနေ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ထပ်ပြီး ရာဇသတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၃၃ အရ အရေးယူဖို့ ခရိုင်နဲ့ တိုင်းထွေအုပ်ထံ တင်ပြထားတယ်” ဟု ၎င်းက ဆိုသည်။

တရားစွဲဆိုခံရသော အသက် ၃၆ နှစ်အရွယ် မိုးဇော်သည် အနော်မာ ၁၃ လမ်း (အနောက်) တွင် နေထိုင်သူဖြစ်ပြီး ၎င်းက ဦးဆောင်၍ မေလ ၃၁ ရက် ညနေပိုင်းက အစ္စလာမ် ဘာသာဝင် အယောက် ၅၀ ခန့် လမ်းပေါ်ဝတ်ပြုမှု ပြုခဲ့ကြောင်း တိုင်ကြားချက်များအရ သိရသည်။

“သာကေတမှာ ဒေသအာဏာပိုင်တွေက အစ္စလာမ် ဘာသာရေး ဝတ်ပြုနေရာတွေကို ပိတ်ထားတယ်။ ဒါကြောင့် လမ်းပေါ်ထွက် စုပေါင်းဝတ်ပြုနေရတာလို့ သိရတယ်” ဟု အနော်မာရပ်ကွက်တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင်များနှင့်  ခင်မင်ရင်းနှီးသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

သာကေတမြို့နယ်အတွင်းရှိ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ဝတ်ပြုနေကြောင်း သတင်းရရှိမှုကြောင့် ဧပြီလ ၂၈ ရက်နေ့က မြို့နယ်တာဝန်ရှိသူများက စာသင်ကျောင်းကို ပိတ်သိမ်းခဲ့သည်။ 

“အစ္စလာမ် ဘာသာဝင်တွေက ဒေါပုံ နွယ်အေးရပ်ကွက် ဗလီမှာ ဝတ်ပြုပြီး ပြန်လာချိန် အနော်မာ ၁၃ လမ်း အနောက်မှာ လမ်းပေါ် မိုးကာစခင်းပြီး ဝတ်ပြုဆုတောင်းမှု ထပ်လုပ်တယ်။ ဒါကြောင့် ဒီနေ့ထပ်မဖြစ်ရအောင် မြို့နယ်တာဝန်ရှိသူတွေက မေတ္တာရပ်ခံခဲ့တယ်။ ရဲတပ်ဖွဲ့အနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် လုံခြုံရေး ဆောင်ရွက်ပေးထားပါတယ်” ဟု ရဲမှူးချုပ်မြဝင်းက ပြောဆိုသည်။ 

အများပြည်သူ သွားလာသည့် လမ်းပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဘာသာရေး အကြောင်းပြု၍ လူအုပ်စုဖြင့် ဝတ်ပြုဆုတောင်းမှုကြောင့် တရားစွဲဆိုထားသော မိုးဇော် အပါအဝင် ထပ်မံ၍ အမျိုးသားနှစ်ဦးကို ငြိမ်းစုစီ ဥပဒေအရ အရေးယူရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03