News

POST TYPE

POPULAR POST

အေးဝတ်ရည်သောင်းနဲ့ တွေ့ဆုံခြင်း
26-May-2017
မြန်မာဆန်တဲ့အလှတွေနဲ့ လတ်တလောမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ တွေ့ဆုံပြီး ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေ အကြောင်း၊ မြန်မာဝတ်စုံတွေရဲ့ အလှအကြောင်းနဲ့အတူ အချစ်ရေး အကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : ‘ရတနာပုံ’ ဇာတ်လမ်းတွဲကနေစပြီး သရုပ်ဆောင်ဘက်မှာ ပြန်တွေ့ရတော့မှာလား။

AWYT : အစ်မက ဆယ်တန်းပြီးကတည်းက သေချာဇောက်ချလုပ်ဖြစ်တဲ့ အလုပ်က သရုပ်ဆောင်အလုပ်ပါ။ အဲ့ဒါကြောင့် အစ်မစိတ်ထဲမှာ သရုပ်ဆောင်အလုပ်က အမြဲတမ်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အစ်မက British Council တက်လိုက်တော့ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေနဲ့ မင်းသားတွေက မရိုက်တော့ဘူး ထင်သွားကြတယ်နဲ့ တူပါတယ်။ အစ်မကို ကားရိုက်မခေါ်ကြတော့ဘူး။ အစ်မကတော့ အခွင့်အရေးရရင် ရိုက်ပါတယ်။

Voice : ပရိသတ်နဲ့ ငါးနှစ်လောက် အဆက်အသွယ် ပြတ်သွားစေတဲ့ ပညာရေးက ထပ်လုပ်ဖို့ ရှိသေးလား။ 

AWYT : လက်ရှိမှာတော့ အစ်မက ကျောင်းတက်တာထက် အပြင်ကနေပဲ လေ့လာဖြစ်တယ်။ ကိုယ်သိချင်တာတွေ ရှိရင် သူငယ်ချင်းတွေက မေးတယ်။ ပြီးတော့ သင်ကြားခြင်းဆိုတာ ကျောင်းတက်မှ ပညာရတာ မဟုတ်ပါဘူး။ အပြင်ကနေ စာဖတ်တာလည်း အသိပညာတွေ၊ အတတ်ပညာတွေ အများကြီး ရပါတယ်။ 

Voice : ပိုးထည်ဆိုင်အပြင် တခြားစီးပွားရေး ထပ်လုပ်ဖို့ ရည်ရွယ်ထားသေးလား။

AWYT : အထည်နဲ့ ပတ်သက်ပြီး ထပ်တိုးချဲ့သွားဖို့ အစီအစဉ် ရှိပါတယ်။ ဆိုင်ခွဲလည်း ဖြစ်ချင်ဖြစ်မယ်၊ လက်ရှိဆိုင်ကို ချဲ့လိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အစ်မက သီတင်းကျွတ်လောက်မှာ လုပ်ဖြစ်ဖို့ များတယ်။

Voice : စီးပွားရေး လုပ်စရာတွေ များစွာရှိတဲ့အထဲမှာမှ ပိုးထည်ဘက်ကို ရွေးချယ်ဖြစ်ခဲ့တဲ့ စိတ်ကူးကိုလည်း သိပါရစေ။

AWYT : အစ်မအနေနဲ့ ကြိုက်လို့၊ ဝါသနာပါလို့ ရွေးချယ်ဖြစ်တာပါ။ ကိုယ်ကြိုက်တဲ့ အလုပ်ကို လုပ်ရတာ ပိုပြီးတော့ ကြာရှည်လည်း လုပ်နိုင်တယ်။ လူတစ်ယောက်က ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ရမယ်၊ ကိုယ်ဝါသနာမပါတဲ့ အလုပ်ကို လုပ်ရတဲ့အခါမှာ ကြာလာလို့ရှိရင် ပျင်းသွားလိမ့်မယ်။ ဒီအလုပ်ကကျတော့ အစ်မ တကယ်ကြိုက်တဲ့အလုပ် ဆိုတော့ တစ်နေ့တစ်နေ့ ပျင်းတယ်ဆိုတာ မရှိဘူး။ ဒီအလုပ် လုပ်နေရရင်ကို ပျော်တယ်။ အလုပ်မှာပျော်တဲ့ အတွက်ကြောင့် အောင်မြင်မှုကလည်း ပိုပြီးတော့ ရနိုင်လိမ့်မယ် ထင်တယ်။

Voice : လတ်တလော Facebook မှာ တင်ထားတဲ့ ကိုယ့်ရဲ့ မြန်မာဆန်တဲ့ အလှတွေက ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားနေတယ်နော်။ 

AWYT : အစ်မ တကယ်မထင်ထားပါဘူး။ ပြီးတော့ ပရိသတ်ကြီးရဲ့ အားပေးမှုကို တမင်တကာ လုပ်ယူတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပရိသတ်က အရမ်းအားပေးတာကို တွေ့ရတော အစ်မအနေနဲ့ ဝမ်းသာရမိပါတယ်။ ပရိသတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Voice : ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖြစ်တဲ့ လျှို့ဝှက်ချက်တွေများ ရှိနေမလား။

AWYT : အမှန်အတိုင်း ပြောရရင် အစ်မက လေ့ကျင့်ခန်းလုပ်ရမှာ အရမ်းပျင်းတယ်။ ဒါပေမဲ့ ယောဂကိုတော့ တစ်နှစ်လောက် ဆော့ဖြစ်တယ်။ လက်ရှိမှာတော့ မဆော့ဖြစ်ဘူး။ အဓိက အစ်မက ဝလာလို့ရှိရင် အစားလျှော့စားတယ်။ ပိန်သွားလို့ ရှိရင်လည်း ငါတော့ စားလို့ရပြီဆိုပြီး အကုန်ပြန်စားတယ်။ အဲဒါနဲ့ပဲ လုံးချာလိုက်နေတာပါ။ ထွေထွေထူးထူးကြီးတော့ မလုပ်ဖြစ်ပါဘူး။ အစ်မက ထိန်းသိမ်းထားတာထက်စာရင် ကိုယ့်ဘာသာကိုယ်တော့ အမြဲတမ်း ဂရုစိုက်ဖြစ်တယ်။

Voice : အရင်ကလည်း ဒီခန္ဓာကိုယ်၊ လက်ရှိမှာလည်း ဒီခန္ဓာကိုယ် ဆိုပေမယ့် မြန်မာဝတ်စုံရဲ့ ပံ့ပိုးမှုတွေကြောင့် ပိုလှလာတယ် ပြောရင်ရလား။

AWYT : တကယ်တော့ မြန်မာမိန်းကလေးတိုင်းက မြန်မာဝတ်စုံဝတ်ရင် လှတယ်။ အဲဒါကိုတော့ ဘယ်သူမှငြင်းလို့ မရပါဘူး။ မယုံရင် ကြိုက်တဲ့ မိန်းကလေးတစ်ယောက်ကို မြန်မာဝတ်စုံလေး ပေးဝတ်ကြည့်လိုက်ပါ၊ တကယ်ကို လှပါတယ်။ အဲ့ဒါကြောင့် အစ်မကတော့ ဝတ်စုံကြောင့် လှတယ်၊ မလှဘူး ဆိုတာထက် မြန်မာမိန်းကလေးတိုင်းက မြန်မာဝတ်စုံဝတ်ရင် လှတယ်လို့ထင်တယ်။ ပြီးတော့ ယောက်ျားလေးဆိုလည်း ရှပ်အင်္ကျီ လည်ကတုံးလေး၊ ပုဆိုးလေး၊ ကတ္တီပါဖိနပ်လေးနဲ့ဆိုရင် ကိုယ့်အတွက်ကတော့ ကြည့်ကောင်းနေတာပါပဲ။

Voice : ဖန်စီဝတ်စုံ ဝတ်ရတာထက် မြန်မာဝတ်စုံ ဝတ်ရတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေလား။

AWYT : ဟုတ်တယ်။ အစ်မက မြန်မာဝတ်စုံ ဝတ်ရတာကို ပိုကြိုက်တယ်။ အရင်တုန်းကတော့ သတိမထားဘူး။ ဒါပေမဲ့ အသက်အရွယ်၊ အပိုင်းအခြားအပေါ်မှာ မူတည်လာတယ် ထင်တယ်။ လက်ရှိမှာ မြန်မာဝတ်စုံ ဝတ်ရတာကိုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလာသလို လုံခြုံတယ်လို့လည်း ခံစားရတယ်။

Voice : မွေးနေ့ဖြစ်တဲ့ မေလ ၂၇ ရက်နေ့မှာ အလှူလုပ်မယ့် အစီအစဉ်တွေရှိရင် ပြောပေးပါဦး။

AWYT : အစ်မမွေးနေ့မှာတော့ ရွှေပြည်သာ၊ ကျူးရပ်ကွက်က အောင်ချမ်းသာဘက ကျောင်းမှာရှိတဲ့ ကလေးတွေကို အစားအစာ တစ်နေ့တာ ကျွေးပါ့မယ်။ ပြီးတော့ ကလေးတွေနဲ့ အတူတူ မွေးနေ့ကိတ် ခွဲသွားမယ်။ 

Voice : မွေးနေ့မှာ ချစ်သူဆီက မျှော်လင့်ထားတဲ့ အရာတစ်ခုက ဘာဖြစ်မလဲ။ 

AWYT : အစ်မကတော့ ချစ်သူဆီကမှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ အပါအဝင် အားလုံးဆီက အချစ်တွေကို မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မက လောဘကြီးတယ်လေ။ ချစ်သူက အနုပညာနဲ့ ဆက်စပ်နေတဲ့သူပါပဲ။ အချစ်ရေးကတော့ တော်တော်လေးကို စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ အဲ့ဒါကြောင့် အစ်မအနေနဲ့ ကျေနပ်ပါတယ်။

ဓာတ်ပုံ - အေးဝတ်ရည်သောင်း Facebook Page

ဝင်းထွန်းနိုင်