News

POST TYPE

POPULAR POST

မြယာကုန်း ပဋိပက္ခ ဖမ်းဝရမ်း ထုတ်ထားသည့် ကိုမြတ်ဖုန်းမော် ရဲစခန်း လာရောက်အဖမ်းခံ
22-May-2017 tagged as အမှု

ရန်ကုန်၊ မေ ၂၂

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မြယာကုန်း ပဋိပက္ခဖြစ်စဉ်မှ ဖမ်းဝရမ်း ထုတ်ထားသည့် လူပုဂ္ဂိုလ်ငါးဦး အထဲမှ နောက်ဆုံး ဖမ်းဆီးရန် ကျန်ရှိသူ ကိုမြတ်ဖုန်းမော်မှာ ယနေ့ (မေလ ၂၂ ရက်) နံနက် က ရဲစခန်းသို့ ကိုယ်တိုင်လာရောက် ဖမ်းဆီးခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အခုလာအဖမ်းခံသူက ကိုမြတ်ဖုန်းမော်ပါ။ ဒီအမှုမှာ သံဃာနှစ်ပါးနဲ့ လူပုဂ္ဂိုလ် ငါးယောက်ကို တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတယ်။ လက်ရှိ လူငါးယောက်တော့မိပြီ။ သံဃာနှစ်ပါးတော့ အခုချိန်ထိ အမှုလာရင်မဆိုင်သေးဘူး” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ဆိုသည်။ 

မေလ ၉ ရက်နေ့က မြယာကုန်းတွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ခဲ့ပြီးနောက် မြို့နယ်ရဲမှူးက တရားလိုပြု၍ သံဃာနှစ်ပါးနှင့် အရပ်သားငါးဦးကို ပုဒ်မ ၅၀၅ (ဂ)/၃၄ ဖြင့် တရားစွဲဆိုခဲ့ရာ ယင်းအမှုကို မြို့နယ်တရားသူကြီးမှ လက်ခံ၍ ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဖမ်းဝရမ်းထုတ်ထားသူများအနက် ကိုတင်လင်းထိုက် (ခ) လင်းလင်း၊ ကိုတင်ဌေးအောင် (ခ) အကြီးကောင်၊ မအောင်အောင်မြင့် (ခ) မအောင်နှင့် ၎င်း၏ ခင်ပွန်း ကိုလတ်၊ ကိုမြတ်ဖုန်းမော်တို့ကို ဖမ်းဆီးထားပြီး ဦးသုစိတ္တနှင့် ဦးပညာဝံသတို့မှာ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းသေးခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖမ်းဆီးထားသူ ငါးယောက်ကို ဒီနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး ချုပ်ရမန်ယူခဲ့တယ်။ လက်ရှိ သူတို့ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး ဇွန်လ ၂ ရက်နေ့မှ ရုံးထုတ်စစ်ဆေးဖြစ်မယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ဆိုသည်။ 

ဖမ်းဝရမ်းထုတ်ခံရသူများမှာ မေလ ၉ ရက်နေ့ညပိုင်းက မြယာကုန်းလမ်းတွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများဖြစ်ပြီး ယင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့က အင်အား ၃၀၀ ဖြင့် ထိန်းသိမ်း၍ မိုးပေါ် သေနတ်သုံးချက် ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။

S-03