News

POST TYPE

POPULAR POST

ဒေါက်တာအေးမောင် ပြန်လာပြီ
“ကျွန်တော့်ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ မအောင်မြင်တဲ့အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်”

အရှုံးရလဒ်ကို ကြုံတွေ့ရချိန် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ထိုစဉ်က The Voice နှင့် တွေ့ဆုံရာတွင် ဒေါက်တာအေးမောင် ပြောဆိုခဲ့သည့် စကား ဖြစ်သည်။

၂၀၁၁ ခုနှစ်က ဒုတိယသမ္မတလောင်းအဖြစ် စာရင်းပေါက်ခဲ့ဖူးသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲကာလတွင်  ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံခဲ့ရသည့် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အနေနှင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရာ နိုင်ငံတော်၏ ဥပဒေပြုရေးကဏ္ဍအပြင် အစိုးရကို ထိန်းကျောင်းနိုင်သည့် လွှတ်တော်နိုင်ငံရေးနှင့် ကင်းကွာခဲ့ရသည်။

ယင်းအပြင် ရှုံးနိမ့်မှုကြောင့် ပါတီဥက္ကဋ္ဌ နေရာမှပင် ဖယ်ပေးရန် အသင့်ပြင်ဆင်ခဲ့သည်။ 

ယခုမူ သူပြန်လာပြီ။ 

ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့်  ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက်များကို ဖြတ်ကျော်ကာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို အောင်နိုင်ခဲ့ပြီး ယနေ့ (ဆောင်းပါးရေးသည့် မေလ ၁၈ ရက်) တွင်ပင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် နေပြည်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီ ဖြစ်သည်။

ဒေါက်တာအေးမောင်အတွက် လွှတ်တော်အတွင်းသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိရန် လျှောက်လှမ်းခဲ့ရသည့်လမ်းသည် အကျပ်အတည်းများ၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေခဲ့သော်လည်း ပြန်လာလိုသည့် အကြောင်းရင်းများက သူ့တွင် ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကလည်း ပြန်လာရန် ဆွဲဆောင်နေသည်။

ဘာကြောင့် သူပြန်လာသနည်း။

“နဂိုထက် ပိုကောင်းတဲ့ လွှတ်တော်အခင်းအကျင်း ဖြစ်အောင် တွန်းဖို့ လိုအပ်သလားလို့ တွေးမိလို့ ပြန်လာတယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အုပ်ချုပ်ရေးကို  အသွင်ပြောင်းလဲရန် ပထမဆုံးအကြိမ် ကျင်းပသည့်၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင် အနေနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်အရွေးခံခဲ့ရာ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်အထိ ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုကာလများက မြန်မာ့နိုင်ငံရေး ရာသီဥတုသည် အပြောင်းအလဲများကို စတင်မြင်တွေ့ရချိန် ဖြစ်ပြီး မျှော်လင့်ချက် အသစ်များကိုလည်း ဆုပ်ကိုင်နိုင်ချိန် ဖြစ်သည်။

လွှတ်တော်အတွင်း သဘောထားတင်းမာသူများ ရှိနေခဲ့သော်လည်း အခြားဒီမိုကရက်တစ် ဘက်တော်သားများနှင့် ပူးပေါင်းကာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အိပ်မက်မက်နိုင်ချိန်လည်း ဖြစ်သည်။ ယင်းကာလ ၂၀၁၁-၂၀၁၆ ကို အပြောင်းအလဲ ပထမကာလဟု  ဒေါက်တာအေးမောင်က သတ်မှတ်သည်။

ယင်းကာလသည် တပ်မတော် ထိပ်တန်းအရာရှိဟောင်းများ ဦးဆောင်သည့် လွှတ်တော်နှင့် အစိုးရဖြစ်ရာ အပြောင်းအလဲ၏ ကနဦး ရောင်ခြည်သန်းရုံမှတစ်ပါး တိုင်းရင်းသားများ တောင့်တသည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် နိုင်ငံတော်သစ်ဆီ သွားမည့် စစ်မှန်သည့် ပြောင်းလဲခြင်းသည် ဒုတိယကာလမှသာ ဖြစ်လာနိုင်စရာဟု ဒေါက်တာအေးမောင်က မျှော်လင့်သည်။ အဆိုပါ ဒုတိယ အပြောင်းအလဲကာလသည် ၂၀၁၅  ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာမည့်  လွှတ်တော်အခင်းအကျင်း ဖြစ်သည်။

မျှော်လင့်မှုနှင့်အတူ သဘောထား တင်းမာသည့် အုပ်စုဝင်များကို အသည်းအသန် စည်းရုံးခဲ့သည်။

“အင်မတန်မာတယ်ဆိုတဲ့ အဖွဲ့အစည်းနဲ့၊ အင်အားကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့ သွားချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းမှာ ပါလာအောင် ကျွန်တော်တို့ ဆွဲခေါ်ရတာ ရှိတယ်၊ ညှိနှိုင်းရတာ ရှိတယ်။ ကျွန်တော်တို့ ဖျောင်းဖျတွဲခေါ်ရတာ ရှိတယ်။ အင်အားတစ်ခုနဲ့လည်း အတင်းအကျပ် ချောင်ပိတ်ရာ ရောက်အောင် တွန်းရတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အခင်းအကျင်းသည် သူ  ထင်သလို မဖြစ်ခဲ့ပေ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အတွက် မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရန် လိုအပ်ခြင်းကြောင့် ၎င်းအနေနှင့် ပြည်ထောင်စုအဆင့်မှ ပြည်နယ်အဆင့်သို့ ဆင်း၍ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် အနိုင်မရခဲ့။ လွှတ်တော်ဆီသို့လည်း ပြန်လာခွင့်မရခဲ့ပေ။

ထိုကာလများတွင် လွှတ်တော်ပြင်ပမှနေ၍သာ လွှတ်တော်အခင်းအကျင်းနှင့်  အစိုးရ ဆောင်ရွက်ချက်များကို သူစောင့်ကြည့်ခဲ့ရသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၈၀ ရာခိုင်နှုန်း ဝန်းကျင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ရွေးကောက်ပွဲကာလ ကတည်းက တိုင်းရင်းသားဒေသများရှိ မဲဆန္ဒနယ်မြေများကိုပါ လက်လွှတ်မခံဘဲ သည်းသည်းမည်းမည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုကြောင့် NLD အပေါ် ဝေဖန်ပြစ်တင်သံများ ရှိခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းမှုတွင်လည်း တိုင်းရင်းသားပါတီများနှင့်  ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည့်အပြင် ပြည်ထောင်စုအဆင့် လွှတ်တော်တွင်လည်း ဒီမိုကရေစီ အနိုင်ကျင့်မှုဖြင့် NLD အပေါ် စွပ်စွဲခဲ့ကြသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီ (ANP) က အများစု အနိုင်ရရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ကို ANP က စိတ်ကြိုက်ဖွဲ့စည်းခွင့်ရရန် မျှော်လင့်ခဲ့ကြသည်။ ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲကို ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ လက္ခဏာဟုသဘောပိုက်သဖြင့် တိုင်းရင်းသားများက မျှော်လင့်ကြခြင်း ဖြစ်သည်။ 

သို့သော် လက်ရှိတည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယင်းသို့သော အခွင့်အရေးမျိုး ပေးမထား။ ဗဟိုအစိုးရအကြီးအကဲ (နိုင်ငံတော်သမ္မတ) ကသာ  ပြည်နယ်အကြီးအကဲ (ဝန်ကြီးချုပ်) များကို ရွေးချယ်ခွင့် ပြုထားသည်။

၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာဏာရရှိလာချိန်တွင်မူ အဆိုပါ ဥပဒေ၏ အားနည်းချက်ကိုပင် အခွင့်ကောင်းယူခဲ့သည့် NLD အပေါ် ဒေါက်တာအေးမောင် အပါအဝင် ANP က သဘာမတွေ့ခဲ့ခြင်း ဖြစ်သည်။

“၂၀၁၆-၂၀၂၀ ကာလက ကျွန်တော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းကို ပိုပြီးတော့ အင်အားပြင်းပြင်းနဲ့ သွားနိုင်မယ့် ဒုတိယ အပြောင်းအလဲကာလလို့ သတ်မှတ်တာ။ အဲဒီအပြောင်းအလဲ ကာလမှာ ကျွန်တော်တို့  မျှော်မှန်းတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားလိုတဲ့ မည်သည့် ပြည်မပါတီမဆို တိုင်းရင်းသားပါတီများနဲ့ လက်တွဲပူးပေါင်းပြီးမှ ဒီဒုတိယတစ်ကြိမ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီးကို ပြောင်းလဲဖို့အတွက် လက်တွဲဆွဲခေါ်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်”

လက်တွေ့တွင်မူ လက်တွဲမခေါ်သည့်အပြင် ၂၀၁၅ နောက်ပိုင်းတွင် တိုင်းရင်းသားပါတီများ အလဲလဲအပြိုပြို ဖြစ်ခဲ့ရသည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

NLD အနေနှင့် ပြည်ထောင်စုလွှတ်တော် အဆင့်တွင် တိုင်းရင်းသားအချို့ကို လွှတ်တော်၏ ဒုတိယအကြီးအကဲ နေရာကို ပေးအပ်ခဲ့သည်။ 

သို့သော် NLD ကိုယ်စားလှယ် အများစု ကြီးစိုးသည့် လွှတ်တော်အနေနှင့် NLD ၏ အစိုးရအဖွဲ့ကို ထိန်းကျောင်းရာတွင် အားပျော့ခဲ့သည်။ အထူးသဖြင့် အစိုးရ နာမည်ပျက်မည့် ကိစ္စများ၊ လူထုထောက်ခံမှု ကျဆင်းစေမည့် အစိုးရ၏ လုပ်ရပ်များနှင့် ပတ်သက်လျှင် လွှတ်တော်က အသံထွက်မလာဘဲ အစိုးရကို အကာကွယ်ပြုပေးထားကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

၎င်း၏ အဆိုအရ လွှတ်တော်သည် အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးပေးသည့် တံတားသဖွယ် ဖြစ်ရမည် ဖြစ်သော်လည်း လက်ရှိလွှတ်တော်သည် တံတိုင်းတစ်ခုနှယ် ကာပေးထားခြင်း ဖြစ်သည်။ 
“ကျွန်တော်တို့ အခုထိ ရှာလို့မရဘူး။ အစိုးရကို ထောက်ပြတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ဒေါက်တာအေးမောင်ကဲ့သို့ပင် ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်မှ အနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ကိုယ်စားလှယ် စိုင်းထွန်းအေးကလည်း ၎င်းကဲ့သို့ပင် ရှုမြင်သည်။

သူသည်လည်း ယနေ့ မေလ ၁၈  ရက်နေ့တွင်ပင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ဆိုပြီး ပထမဆုံး လွှတ်တော်အတွေ့အကြုံကို ရယူခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်ခံစားမိတာကတော့ အဲဒီလို ခံစားမိတယ်ပေါ့။ ဒါပေမဲ့ လွှတ်တော်ထဲမှာတော့ ကျွန်တော်က ဒီနေ့မှ စတက်ရတာဆိုတော့ လွှတ်တော်အခင်းအကျင်းက ဘယ်လိုရှိမလဲဆိုတာ ဆက်ပြီးတော့  လေ့လာရဦးမှာ” ဟု ဆိုသည်။

SNLD သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ခုနစ်နေရာ ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်အတွက် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် လေးနေရာ၊ စုစုပေါင်း နေရာခြောက်ခုတွင် အနိုင်ရရှိခဲ့သည့် အင်အားတောင့်တင်းသည့် တိုင်းရင်းသားပါတီတစ်ခု ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် စသည့် မဲဆန္ဒနယ် စုစုပေါင်း ၁၉ နေရာ ရှိပြီး NLD က ၁၈ နေရာ ဝင်ပြိုင်ခဲ့ရာ ကိုးနေရာတွင် အနိုင်ရရှိခဲ့သည်။

ဒေါက်တာအေးမောင်၏ ANP ပါတီက နှစ်နေရာ ဝင်ပြိုင်ခဲ့ပြီး တစ်နေရာသာ ရှုံးနိမ့်ကာ ၁၉ နေရာစလုံးတွင် ပြိုင်ခဲ့သည့် USDP က နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။ ကျန်တစ်နေရာကို လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) က အနိုင်ရရှိခဲ့သည်။

အဆိုပါ ၁၉ နေရာအနက် ပြည်ထောင်စုအဆင့် ဖြစ်သည့် အမျိုးသားလွှတ်တော်က သုံးနေရာနှင့် ပြည်သူ့လွှတ်တော်က ကိုးနေရာဖြစ်ပြီး မေလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုကြရသည်။

လွန်ခဲ့သည့် ငါးနှစ်တိတိ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အာဏာရချိန်က လစ်လပ်သွားသည့် မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့သေးသည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ပင် ဖြစ်သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သည့် NLD အနေနှင့် သမ္မတ ဦးသိန်းစိန်၏ လမ်းဖွင့်ပေးမှုကြောင့် အဆိုပါ ကြားဖြတ်ရွေးကောက်ကိုမူ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

လစ်လပ်နေရာ ၄၅ နေရာအနက် ၄၄ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာတွင် NLD က အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အချို့နှင့် လွှတ်တော်ဥက္ကဋ္ဌတို့သည်လည်း ထိုစဉ်က ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များတွင် ပါဝင်ကြသည်။

သို့သော်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ဆိုရမည့် ကိစ္စနှင့် ပတ်သက်၍  ပြဿနာ တက်ခဲ့ကြသေးသည်။ 

ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော် စတင်တက်ရောက်သည့်နေ့တွင်ပင် ဥက္ကဋ္ဌ အပါအဝင် အခြားကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုရသည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဟူသည့် စကားရပ်တစ်ခု ပါဝင်သည်။

ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အကြောင်းတစ်ချက်ဖြစ်ရာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည် ဆိုသည့် ယင်းစကားရပ်ကို  ရွတ်ဆိုသစ္စာပြုရန် NLD တို့က ရှောင်လွှဲလိုပြီး လွှတ်တော်မတက်ရန်ပင် လေသံပစ်ခဲ့ကြသည်။

နိုင်ငံရေးရာသီဥတု အပြောင်းအလဲကာလတွင် ဒီမိုကရေစီခရီးကို ရှေ့ဆက်နိုင်စေရန်အတွက် ဒီမိုကရေစီ ဘက်တော်သားများ လွှတ်တော်အတွင်း များနိုင်သမျှ  များများဝင်ရောက်လာစေလို သူတို့ကလည်း တစ်ဖက်တွင် ရှိနေသည်။

ယင်းတို့အထဲတွင် ဒေါက်တာအေးမောင်လည်း အပါအဝင်ဖြစ်ပြီး မိတ်ဆွေများ ကျမ်းသစ္စာ ကျိန်ဆိုမှုကို လက်ခံပြီး လွှတ်တော်အတွင်းသို့ ဝင်ရန် မေတ္တာရပ်ခံခဲ့သူ ဖြစ်သည်။

ယခုမူ NLD လွှတ်တော်နှင့် NLD အစိုးရကာလ။ တစ်နှစ်ပင် ကျော်ခဲ့ပြီ။ 

ပြောရလျှင် လွှတ်တော်က အစိုးရထက် နှစ်လ အသက်ပိုကြီးပါသည်။

သို့သော် အခြေခံဥပဒေ ပြင်ဆင်ရေးဆီကို ရောက်မလာသေးပေ။

လွှတ်တော်တွင်းရှိ ထိုင်ခုံနေရာများတွင် ထိုင်နေသူများကို ဒေါက်တာအေးမောင်က မေးခွန်းထုတ်သည်။
“၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်လို့ ဒီအခင်းအကျင်းမှာ ထိုင်နေကြတာလား။ တစ်ချိန်ချိန်မှာ ပြန်ပြင်သင့်တယ်ဆိုတဲ့ လမ်းကြောင်းကို မသွားသင့်ဘူးလား”

၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်စရာ အချက်များစွာ ရှိနေသည်။ အဓိကအားဖြင့် တပ်မတော်နှင့် တိုင်းရင်းသားများနှင့် ပတ်သက်သည့် အချက်များ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် ကြာရှည်ပြီဖြစ်သည့် ပြည်တွင်းစစ်က မရပ်စဲနိုင်သေး။ 

လက်ရှိအစိုးရက တက်လာစဉ်ကတည်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက်  ဦးစားပေး ဆောင်ရွက်နေသော်လည်း သောင်မတင် ရေမကျဖြင့် မရေမရာ အခြေအနေတွင်သာ ရှိနေသေးသည်။

စစ်ပွဲဖြစ်ပွားရခြင်း၏ အကြောင်းတစ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း သက်ဆိုင်နေပြီး တိုင်းရင်းသားများ တောင်းဆိုနေသည့် တန်းတူညီမျှရေးနှင့်  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံပေးနိုင်မည့် အခြေခံဥပဒေ ပေါ်ပေါက်ရေးလည်း ပါဝင်သည်။ 

အစိုးရ၏ ၂၁ ရာစု (ပင်လုံ) ငြိမ်းချမ်းရေး ညီလာခံတွင်လည်း အဆိုပါကိစ္စကို တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပါတီများက တင်သွင်းဆွေးနွေးခဲ့သေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေနှင့် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ရန် သဘောတူညီထားသည်။

ယင်းအချိန်မျိုးတွင် ပြည်ထောင်စုလွှတ်တော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးငြင်းခုံကြလျှင် လွှတ်တော်ပြင်ပရှိ ငြိမ်းချမ်းရေး စကားဝိုင်းများကို အထောက်အကူပြုနိုင်လိမ့်မည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၎င်းအနေနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် နောက်တစ်ခေါက် ပြန်ရောက်လာခြင်းတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စလည်း ပါဝင်သည်ဟု ဆိုသည်။
“ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းကို ပုံပေါ်လာအောင် ကျွန်တော်တို့ဘက်က  တွန်းနိုင်မယ်လို့ ယုံကြည်တယ်”

USDP ကြီးစိုးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလတွင် အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြသေးသော်လည်း တိုင်းရင်းသားများအတွက် အရေးကြီးသည့် အဓိက အချက်များကိုမူ မပြင်ဆင်နိုင်ခဲ့ပေ။

ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ပြဿနာကလည်း အရှိန်မြင့်လာသည်။ ယင်းနှင့်ပတ်သက်၍ အစိုးရအပေါ် နိုင်ငံတကာ၏ ဖိအားများက လည်း ရှိနေပြန်သည်။ 

တစ်ဖန် အစိုးရတွင်လည်း အမျိုးသားရေးထက် လူ့အခွင့်အရေး ရှေ့တန်းတင်လွန်းသည့် လစ်ဘရယ် အယူအဆနှင့် အပြုအမူများ ရှိနေသည်ဟု ဒေါက်တာအေးမောင်က ယူဆသည်။

လူဦးရေ ပေါက်ကွဲတော့မည့် နိုင်ငံကြီး သုံးနိုင်ငံ (တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်) အကြားတွင် တည်ရှိနေသည့် မြန်မာနိုင်ငံအတွက် အစွန်းရောက် လစ်ဘရယ် အတွေးအခေါ်များသည် နိုင်ငံကို ဖျက်ဆီးမည့်ရန်များ ဖြစ်ပြီး ယင်းကို တောင့်ခံတားဆီးရန် အမျိုးသားရေးစိတ်ဓာတ်က မဖြစ်မနေ လိုအပ်သည်ဟု ၎င်းက ရှုမြင်သည်။

“အမျိုးသားရေးစိတ်ဓာတ် ပျက်စီးတာနဲ့ ကျွန်ပြန်ဖြစ်တော့မယ့် အယူအဆဟာဖြင့် အခုခေတ် လူငယ်တွေထဲမှာ မရှိရင်လည်းပဲ ဟိုအကြောင်းဒီအကြောင်း ရှေ့မီနောက်မီတွေ ဖြစ်တဲ့ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေဆီမှာတော့ ရှိနေကြတယ်”
 
အဆိုပါ အခြေအနေများအကြား ဒေါက်တာအေးမောင်တစ်ယောက် ၂၀၁၅  ခုနှစ်တွင် ရွေးကောက်ပွဲရှုံးခဲ့ရာ လွှတ်တော်ကို ဘေးမှပင် ရပ်ကြည့်ခဲ့ရသည်။

သို့သော် တစ်နှစ်ကျော်အကြာ ၂၀၁၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ထွန်းလာရာ ပါတီဥက္ကဋ္ဌတစ်ဦး အနေနှင့် ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့် စဉ်းစားစရာတွေ ရှိလာသည်။

ကြားဖြတ်ရွေးကောက်ပွဲသည် လာမည့် ၂၀၂၀ အတွက် အားစမ်းခြင်းလည်းဖြစ်ရာ အရေးပါသဖြင့် ကိုယ်စားလှယ်လောင်းနေရာအတွက် လူရွေးမမှားရန် လိုအပ်သည်။

အမှန်တွင် အမ်းသည် ဒေါက်တာအေးမောင်၏ ဇာတိနယ်မြေ မဟုတ်။ ယင်းအပြင် ရခိုင်တိုင်းရင်းသားချည်းရှိရာ ဒေသလည်း မဟုတ်ပေ။ ရခိုင်အပြင် ချင်းတိုင်းရင်းသားများလည်း ရှိသည်။ ဗမာလည်း ရှိသည်။ တပ်မတော် အသိုင်းအဝိုင်းလည်း ကြီးမားသည်။ (၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမ်းမဲဆန္ဒနယ်မြေတွင် USDP မှ ကိုယ်စားလှယ်  ဗိုလ်ချုပ်သိန်းဆွေက အနိုင်ရရှိခဲ့ပြီး NLD အစိုးရအဖွဲ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခြင်းကြောင့် လစ်လပ်သွားသည့် ကိုယ်စားလှယ်နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခြင်း ဖြစ်သည်။)

ပြည်သူက သေချာပေါက် ရွေးချယ်မည့်သူ ဖြစ်ရန် ပါတီထိပ်ပိုင်းခေါင်းဆောင်များက စဉ်းစားခဲ့ကြပြီး  အဖြေအတွက် လူထုစစ်တမ်းကို ကောက်ယူခဲ့ရာ  နောက်ဆုံးတွင် ဒေါက်တာအေးမောင်ကို အမ်းလူထုက ရွေးချယ်ခဲ့ကြသည်။

“အဲဒါကြောင့်ပဲ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ နယ်မြေထဲကို ကျွန်တော် ခုန်ဆင်းလာခဲ့တာ”

ယခုမူ သူ ပြန်လာလေပြီ။ 

အောင်မျိုးထက်