News

POST TYPE

POPULAR POST

ရန်ကုန်နှင့် ကျောင်းကား
15-May-2017

ရန်ကုန်မြို့တော်၌ ကျောင်းတက်ရာသီအတွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းကားစနစ် ပြောင်းလဲရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ကျောင်းသားမိဘများနှင့် လက်ရှိ ကျောင်းကားမောင်းနှင်နေသည့် ယာဉ်မောင်းများ၏ အမြင်အချို့ကို စုစည်းတင်ပြအပ်ပါသည်။

“လုပ်တယ်ဆိုရုံ ထလုပ်ပြီး နောက်က ပြဿနာကျတော့ ဆက်မရှင်းနိုင်ရင် ဒီတစ်ခါ စမ်းသပ်မှာ ကလေးတွေနော်”
ဒေါ်နန်းဆုပြည့် (ကျောင်းသားမိဘ)


မနေ့က ကျောင်းအစည်းအဝေး ခေါ်ပါတယ်။ ကျောင်းကားနဲ့ ကိုယ်ပိုင်ကားတွေအစား School Bus နဲ့ ကလေးတွေ ကျောင်းသွားဖို့ ကိစ္စကို ရန်ကုန်တိုင်းအနေနဲ့ ကျောင်း ၂၆ ကျောင်းက မဖြစ်မနေ လုပ်ကြရဖို့ပါ။ ဒီလို School Bus တွေ စီစဉ်တာဟာ အဓိကအချက် ၂ ချက် ရှိတယ် ပြောပါတယ်။ (၁) ရန်ကုန်မြို့ လမ်းကျပ်တာ ဖြေရှင်းဖို့၊ (၂) ကလေးတွေ ကိုယ့်အားကိုယ်ကိုးနိုင်အောင် စီစဉ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ School Bus တွေက အိမ်တိုင်ရာရောက် ပို့ပေးတဲ့ စနစ်မဟုတ်ပါဘူး။ စုရပ်မှာတင်မယ်၊ ချမယ်ဆိုတဲ့ စနစ်ပါ။

ရန်ကုန်မြို့ကြီး အနေအထားဟာ ဘယ်လိုမှ ကိုယ့်သားသမီးကို အိမ်အထိ လမ်းလျှောက်ပြန်လာခိုင်းလို့ ကောင်းတဲ့အရပ်ဒေသ မဖြစ်သေးပါဘူး။ တရားဥပဒေလည်း သိတဲ့အတိုင်း ငွေများတရားနိုင်တဲ့ခေတ် ဖြစ်နေတုန်းပါ။ ကလေးသူခိုးတွေလည်း တကယ်ရှိတာနော်။ အိမ်ကနေ တစ်ယောက်ယောက် လာကြိုပေါ့ ဆိုတော့လည်း အဲဒီစုရပ်ဆိုတဲ့ နေရာမှာသွားပြီး စုပြုံတိုးနေဦးမှာပဲ။ လူကြီးတွေ အဲဒီလောက် မအားပါဘူးလို့နော်။ တော်ရုံပဲနှိပ်စက်တာ ကောင်းပါတယ်။ တစ်နေ့တစ်ရက် ကိစ္စလည်းမဟုတ်။ မိုးရွာရင် ကလေးတွေ ဖျားနာမယ်။ ကိုယ့်ကလေးဖြစ်ရင်၊ ထိရင် ခံစားရမှာက မိဘတွေ။ ဒါတွေပြောလည်း ကလေးရှိတဲ့သူမှ ကိုယ်ချင်းစာနိုင်မှာလေ။

သူများနိုင်ငံနဲ့ယှဉ်ပြီး ပြောရရင် အများကြီး ကွာခြားနေသေးတယ်။ အမြန်ပြောင်းလဲလို့ မရသေးဘူး။ လိုအပ်တာတွေကို အရင်လုပ်ပါ။ လူမြင်ကောင်းအောင် ပြောင်းလဲပြတယ်ဆိုတဲ့ ကိစ္စတွေ ကို လုပ်မယ်ဆိုလည်း ထိရောက်အောင်မြင်အောင်လုပ်။ လုပ်တယ်ဆိုရုံ ထလုပ်ပြီး နောက်ကပြဿနာကျတော့ ဆက်မရှင်းနိုင်ရင် ဒီတစ်ခါ စမ်းသပ်မှာ ကလေးတွေနော်။ တစ်ခုခုဖြစ်ရင် ဘယ်လိုတာဝန်ယူပေးမှာလဲ။ အလျော်အစားလုပ်လို့ အစားထိုးလို့ရတဲ့ အရာတွေ မဟုတ်ဘူး ဆိုတာ သိစေချင်ပါတယ်။ ဘယ်သူမှ အားလို့ မွေးထားတဲ့ကလေး မပါဘူး။

ကိုရီးယားကား ရောင်းဖို့ဆိုလည်း တခြားနည်းလေးသုံးပေါ့။ မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း ဒီကလေးမိဘတွေ ခံရဦးမှာပါ။ အရင်လုပ်သင့်တာက ကျောင်းတွေအားလုံး တစ်ပြေးညီတည်း ဖြစ်အောင်လုပ်သင့်တာ။ ကလေးတွေ လုံခြုံစိတ်ချရဖို့၊ သက်သောင့်သက်သာနဲ့ ပညာသင်ကြားနိုင်ဖို့ လုပ်ပါ။ သူများနိုင်ငံမှာ လမ်းလျှောက်တောင် ပို့ကြရတာပါ။

ကျောင်းတိုင်းကောင်းတော့ TTC မှ၊ ဒဂုံ(၁) မှဆိုတာ မရှိဘူး။ ကိုယ့်အိမ်နဲ့နီးတဲ့ ကျောင်းကို တက်ကြတာပဲ။ မနက်ဆို မိဘတွေ အလှည့်ကျ အလံကိုင်ပြီး လမ်းလျှောက်ကျောင်းပို့ကြတယ်။ ဘယ်မှာလာ Traffic ရှိတော့မလဲ။ လုပ်နိုင်ရင် လုပ်ပေးပါ။ အဲ့ဒီလိုမျိုး။ Traffic၊ Traffic နဲ့ပြောနေ အခုလို ကျောင်းပိတ်လည်း လမ်းကပိတ်တာပဲ။

လမ်းပေါ်မှာ ကားမမောင်းတတ်ဘဲ ပိုက်ဆံပေး လိုင်စင်ရနေတဲ့သူတွေမောင်း၊ YBS အကောင်းစား စည်းကမ်းရှိတဲ့ ကားကြီးတွေ ရောက်နေမှတော့ လမ်းပိတ်တာ နည်းတာပေါ့။ အဲဒီ YBS နဲ့ ရထားစနစ်လေးပဲ ကောင်းအောင်လုပ်ပါဦး။ လုပ်ချင်တာတွေ အကုန်လုပ်တယ်။ မပြောသေးဘူး။ အားလုံး လက်ခံနိုင်တယ်။ ကောင်းအောင်လုပ်နေတာပဲဆိုပြီး လူတွေကြိတ်ခံကြတယ်။ ဒီတစ်ခါတော့ ကလေးတွေနော်။ မိဘတွေ ဒရိုင်ဘာ၊ စပယ်ယာ ဖြစ်ဖို့တော့ အကြောင်းတွေ ဖန်လာပြီနဲ့ တူတယ်။ ဘယ်သူဘယ်ဝါရဲ့က လေးကဖြင့် ကိုယ့်အားကိုယ် မကိုးနိုင်တဲ့သူမို့၊ ဆေးစာလေးနဲ့ ကိုယ်ပိုင်ကားပို့မှ ရမှာမို့ ဆိုတာတွေလည်း စမြင်ရ၊ ကြားရတော့မှာပါ။ ပြည်သူတွေ လုပ်ချင်တယ်၊ မလုပ်ချင်ဘူးကို မမေးရင်နေပါ၊ လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား ဆိုတာရယ်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်လိုက် မလိုက်လေး သိရင်တော်ပါပြီ။      

“လိုင်းကားလို မှတ်တိုင်မှာ လာကြို၊ လာပို့ ဆိုတာကြီးက အဆင်မပြေဘူးလေ”
ဒေါ်လင်းလင်းထက် (ကျောင်းသားမိဘ)


ကျောင်းကားတွေ လုပ်ပေးမယ်ဆို ကျွန်မတို့ သားကလည်း ငယ်သေးတော့ ဂရုတစိုက် လုပ်ပေးမယ်ဆို ကောင်းပါတယ်။ အဲလိုလုပ်ပေးတာက မိဘတွေလည်း စိတ်ချရတဲ့ အနေအထားတစ်ခုဆို ပိုကောင်းတာပေါ့။ မိခင်တစ်ယောက် အနေနဲ့ ကိုယ့်သားသမီးကို စိတ်ချဖို့ဆိုတာ တော်ရုံနဲ့ မလွယ်ဘူးလေ။ အခုလုပ်ပေးမယ်ဆိုတဲ့ ကျောင်းကားတွေက မိဘတွေအတွက် စိတ်ချရမယ်ဆို ကျွန်မတော့ လက်ခံပါတယ်။ နောက် အခုလို လုပ်လိုက်တဲ့အတွက် ယာဉ်လမ်းကြောင်းလည်း အရင်ကထက်တော့ ပိုရှင်းသွားမယ်လို့ ထင်ပါတယ်။ အခုစီစဉ်ပေးမယ်ဆိုတဲ့ ကျောင်းကားကို စီစဉ်ပေးတဲ့နေရာမှာ မိခင်တွေ စိတ်ချရမယ့် ပုံစံမျိုးနဲ့ ကလေးတွေ သက်သောင့်သက်သာ ဖြစ်စေမယ့် ကားမျိုး စီစဉ်ပေးမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ပြောစရာ မရှိပါဘူး။

လက်ရှိမှာ ကျောင်းကားတွေကို ဘယ်လိုစီစဉ်ပေးမယ် ဆိုတာ ကျွန်မတို့ ကျောင်းသားမိဘတွေကို သေချာမပြောထားသေးဘူး။ လိုင်းကားလို မှတ်တိုင်မှာ လာကြို၊ လာပို့ ဆိုတာကြီးက အဆင်မပြေဘူးလေ။ ဒီကျောင်းကားကို စီစဉ်ပေးတဲ့သူ ကိုယ်တိုင် မိဘနေရာ ကိုယ်ချင်းစာပြီး စေ့စပ်သေချာအောင် လုပ်ပေးမယ် ဆိုရင်တော့ လက်ခံရမှာပေါ့။ ကျောင်းကားနဲ့မှ မဖြစ်မနေ ပို့ရမယ်ဆိုလည်း သူတို့စီစဉ်ပေးတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပေါ့။ တကယ်လို့  စိတ်မချရရင်တော့ ကိုယ့်ဘာသာ ပို့သွားမှာပါ။                               

“တချို့ဆို ဝယ်ထားတာ အကြွေးတောင် မကျေသေးတဲ့သူတွေ ရှိတယ်”
ဒေါ်မာလာမျိုး (ဒဂုံ (၁) ကျောင်းကြို/ပို့ ယာဉ်မောင်း)


School Busတွေ လုပ်မယ်ဆိုရင် ထိခိုက်မှုတွေ အများကြီး ရှိပါတယ်။ ပြောချင်တာက လက်ရှိမှာ ကျောင်းကြို/ပို့ ပြေးဆွဲပေးနေတဲ့ ကားပိုင်ရှင်တွေက တစ်ပိုင်တစ်နိုင် ယုံကြည်မှုနဲ့ လုပ်နေတာပါ။ တချို့ဆို ဝယ်ထားတာ အကြွေးတောင် မကျေသေးတဲ့သူတွေ ရှိတယ်။ ဒီကားတောင် မကျေသေးဘဲ အစိုးရက အရစ်ကျပဲဖြစ်ဖြစ် ရောင်းရင်တောင် မဝယ်နိုင်တဲ့သူ များတယ်။ ဝယ်ရင်ရော လက်ရှိကားတွေ ဘယ်လိုလုပ်ရမလဲ။ တချို့ယာဉ်တွေက ကိုယ့်ကလေးကိုပို့ရင်း အခြားကျောင်းသားလေးတွေကိုပါ ကြိုပို့လုပ်ပေးနေတာပါ။ ကလေးတွေနဲ့ ယာဉ်မောင်းနဲ့ နောက်က အကူလိုက်တဲ့သူက နှစ်တွေကြာနေတော့ ရင်းနှီးနေပြီးသား ဖြစ်နေပြီလေ။ ကလေးတွေကလည်း ဒီလူနဲ့ ဒီကားပဲ စီးချင်ကြတာ။ ဘာလို့လဲဆိုတော့ သူတို့လုံခြုံမှု အတွက်ပေါ့။

ရပ်ကွက်ထဲက ကျောင်းတွေနဲ့ မြို့ထဲကျောင်းက မတူဘူး။ မြို့ထဲကျောင်းသားတွေက အပြင်ထွက်တာနဲ့ ကစားကွင်းလိုပဲ မှတ်နေတာ။ အိမ်ထဲပဲ နေနေရတာကို။ ဒီတော့ အပြင်ထွက်ဆော့ချင်တယ်။ ပြီးတော့ ကျောင်းကားစုရပ်နဲ့ ဝေးတယ်ဆိုရင် လမ်းမှာ ဘာတွေဖြစ်မလဲ စိုးရိမ်ရတယ်။ အခုခေတ်က ကလေး၊ လူကြီး မလုံခြုံဘူးလေ။ အခု ကျောင်းကားက လမ်းထဲမဝင်ဘူး။ ထိခိုက်နစ်နာမှု နည်းအောင် မလုပ်ဆောင်သေးဘဲနဲ့ မစစေချင်ဘူး။ စီမံတာက မြန်ဖို့မလိုဘူး။ တိကျဖို့၊ ထိရောက်ဖို့ လိုတယ်။

အမြန်လုပ်ပြီး YBS လိုမျိုး ပြည်သူတွေပဲ နစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အဓိက အစိုးရအနေနဲ့ လုပ်ရမှာက ကိုယ်ပိုင်ကားပဲဖြစ်ဖြစ်၊ ကြိုပို့ယာဉ်ပဲဖြစ်ဖြစ် စနစ်တကျ ကားတွေရပ်ဖို့ပဲ။ တချို့ကားတွေဆိုရင် ဟုတ်ပါတယ်။ ကားလမ်းတွေ ပိတ်ဆို့စေတယ်။ မလိုအပ်ဘဲ အချိန်အကြာကြီး လာရပ်ထားတယ်။ ဒါတွေကို ဘယ်လိုကိုင်တွယ်သင့်တယ် ဆိုတာကို အဖြေအရင်ရှာပြီး ဆောင်ရွက်ရင် ထိရောက်မယ် ထင်တယ်။ အခုလုပ်တဲ့ ကျောင်းကားစနစ်ကို မကောင်းဘူးပြောတာ မဟုတ်ပါဘူး။ နစ်နာမှု နည်းနည်းနဲ့ ထိရောက်စေချင်တာပါ။                       

ခိုင်ချယ်ရီထွန်း



ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)