News

POST TYPE

POPULAR POST

အရက်မူးပြီး လဲကျရာမှ ရေအိုးစင်ငုပ်နှင့် ဆောင့်မိ၍ လူတစ်ဦး သေဆုံး
13-May-2017 tagged as မှုခင်း

တောင်ငူ၊ မေ ၁၃

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာနယ်မြေ ဇေယျသီရိ ၁ လမ်းရှိ ညီအကို တော်စပ်သူ သုံးဦး နေအိမ်တစ်အိမ်ရှေ့ရှိ ခုံတန်းလျားတစ်ခုတွင် အရက်အတူ သောက်စားနေကြရာမှ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အပေါ့သွားရန် ထစဉ် ခုံပေါ်မှ ပြုတ်ကျခဲ့ရာ ရေအိုးစင်ငုပ်တိုင်နှင့် ဆောင့်မိခဲ့ပြီး သတိလစ်သွားရာမှ ဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးခဲ့ကြောင်း ညောင်ပင်သာ နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးလွင်က ပြောကြားသည်။

“အခင်းဖြစ်တာက မေလ ၁၀ ရက်နေ့ ည ၈ နာရီလောက်မှာပါ။ ဆေးရုံပို့ပြီး ကုသနေတုန်း သေဆုံးသွားတာကိုနေ အိပ်ပြန်ယူလာပြီး မေလ ၁၂ ရက်နေ့မှာ သင်္ဂြိုလ်ဖို့ လုပ်နေတာကို တာဝန်သိသူတွေက သတင်းပေးလို့ စဉ်ဆေးရာက ပေါ်ပေါက်ခဲ့တာပါ။ အမှုနဲ့ ပတ်သက်လို့တော့ သေမှုသေခင်းနဲ့ပဲ အမှုဖွင့်အရေးယူထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြသည်။

မေလ ၁၀ ရက်နေ့ ည ၈ နာရီခန့်က ညောင်ပင်သာနယ်မြေ ဇေယျသီရိ ၁ လမ်းရှိ နေအိမ်တစ်အိမ်တွင် ညီအကိုတော်စပ်သူများ ဖြစ်ကြသည့် အသက် ၃၉ နှစ်အရွယ် ဦးကျော်စိုး (ခ) ဇော်လေး၊ အသက် ၄၁ နှစ်အရွယ် ဦးကျော်ဦးနှင့် အသက် ၃၇ နှစ်အရွယ် ဦးအောင်အောင်ဆိုသူတို့ သုံးဦး နေအိမ်ရှေ့ရှိ ခုံတန်းလျားတွင် အရက်သောက်စားနေရာမှ ကျော်စိုး (ခ) ဇော်လေးမှာ အပေါ့သွားရန် ခုံပေါ်မှထစဉ် ပြုတ်ကျပြီး အောက်မှ သောက်ရေအိုးစင် ငုပ်တစ်ခုနှင့် တိုက်မိကာ သတိလစ်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းကို ညောင်ပင်သာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသနေကြစဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ညောင်ပင်သာ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

လူသေဆုံးမှုနှင့် ပတ်သက်ပြီး ညောင်ပင်သာ နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ် ၄/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

R-15