News

POST TYPE

POPULAR POST

ဖရဲသီး ခိုးစားသည့် သုံးနှစ်ကလေးကို ဓားဖြင့်ထိုးသတ်သည့် လင်မယားကို ထောင်ဒဏ်အမိန့်ချ
12-May-2017 tagged as မှုခင်း

ရန်ကုန်၊ မေ ၁၁

သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာတွင် နေအိမ်လာလည်သည့် သုံးနှစ်အရွယ် မိန်းကလေးငယ်ကို ဖရဲသီးခိုးစားသည်ဟု ဆိုကာ လည်ပင်းညှစ် ဓားဖြင့်ထိုးသတ်ပြီး အလောင်းဖျောက်ဖျက်ရန် ကြံစည်ခဲ့သည့် လင်မယားကို မေလ ၉ ရက်နေ့က တောင်ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် အမိန့်အသီးသီး ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အသတ်ခံရသည့် သုံးနှစ်အရွယ် မိန်းကလေးငယ်မှာ ဗိုလ်ချုပ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၅ ရက်နေ့က တစ်ရွာတည်းနေ အသက် ၂၁ နှစ် မစန္ဒာဝင်း (ခ) လဲ့လဲ့ဝင်း၏ နေအိမ် သို့လာ၍ အိမ်ရှင်၏ သမီးဖြစ်သူနှင့် ဆော့ကစားနေရာမှ နေအိမ်ပေါ်ရှိ ဖရဲသီးအား ခိုးစားခဲ့သည်ဟု ဆိုကာ အိမ်ရှင်အမျိုးသမီးက ကလေးငယ်၏ လည်ပင်းကို ညှစ်၍ လက်ကို ဓားဖြင့်မွှန်းပြီး ဝမ်းဗိုက်ကို ဓားဖြင့် ငါးချက်ဆင့်ထိုး သတ်ဖြတ်ခဲ့သည်။

ယင်းနောက် သေဆုံးသူ ကလေးငယ် ရုပ်အလောင်းကို ပီနံအိတ်ဖြင့်ထုပ်၍ ညအချိန် လျှပ်စစ်မီးများ ပြတ်နေစဉ် ခင်ပွန်းဖြစ်သူနှင့်အတူ အလောင်းဖျောက်ဖျက်ရန် ကြံစည်ချိန် ကျေးရွာနေသူများက ၎င်းတို့လင်မယား နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

အဆိုပါအမှုအား တောင်ပိုင်း ခရိုင် တရားရုံးတွင် စစ်ဆေးပြီးနောက် မစန္ဒာဝင်း (ခ)လဲ့လဲ့ဝင်းကို လူသတ်မှု ပုဒ်မ ၃၀၂(၂) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် သက်သေခံပစ္စည်း ဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ သက်သေခံပစ္စည်း ဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

S-03