POST TYPE

POPULAR POST

ပညာရေးအတွက် မေးခွန်းများ
11-May-2017 tagged as ပညာရေး


“ပညာရေးမှာ ဘာလိုချင်လို့ ပညာသင်တာလဲ”

“ကလေးတွေအတွက် ပညာရေးဆိုတာ တကယ် လိုအပ်လို့လား”

အထက်ပါ မေးခွန်းများကို ကြားကောင်း ကြားကြပေလိမ့်မည်။ ထိုမေးခွန်များသည် ပညာရေးအတွက် ပြဿနာ မေးခွန်းများဟု ယူဆစေလိုပါသည်။ လူတိုင်းက ပညာရေး ဆိုသည်မှာ အဓိက ကျသည်ဟု ထင်မြင်ယူဆနေကြပါသည်။ ယူဆတော်မူကြသည့်အတိုင်း အမှန်တကယ် အဓိက ကျပါသလား စဉ်းစားကြစေချင်ပါသည်။ ပညာရေးသည် လူသားတိုင်း နေ့စဉ် ရင်ဆိုင်နေရသည့် ပြဿနာများကို အမှန်တကယ် ဖြေရှင်းပေးနိုင်ပါသလား။

ပညာရေးသည် နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်၊ မဖြေရှင်းနိုင်၊ အဓိက ကျသည်၊ မကျဆိုခြင်းမှာ သင်မည်ကဲ့သို့ ပညာရေးမျိုးကို သင်ကြားခွင့် ရနေရသည်ဆိုသည့် အပေါ်တွင် မူတည်သည်။

ကွန်မြူနစ် တိုင်းပြည်များတွင် သူတို့နိုင်ငံအတွင်းရှိ ကလေးများကို ကွန်မြူနစ်စနစ်အား အထောက်အကူပြုမည့် ပညာရေး သင်ပေးကြသည်။ ကလေးတိုင်းကို ကွန်မြူနစ် ပညာရေးနှင့် ထိတွေ့ခွင့်ပေးခြင်းမှာ မှန်ကန်ပါသလား။ အမေရိကတွင်လည်း ဒီမိုကရေစီ ပညာရေးဆိုကာ ကလေးတွေကို ပေးနေသည်။ ပေးကား ပေး၏ ရကြပါသလား။

မွတ်ဆလင် နိုင်ငံများတွင်လည်း ရှာရီရာဥပဒေကို ချစ်မြတ်နိုးတတ်စေရန် သင်ပေးနေကြပါသည်။ အစ္စလာမ္မစ် ပညာရေးသည် သူတို့ကလေးတွေ အားလုံးကို အကျိုးတကယ် ဖြစ်ထွန်းစေခဲ့ပါသလား။ 

ပါလက်စတိုင်းများက သူတို့ ကလေးတွေကို ဂျူး မုန်းတီးရေး အတွေးအခေါ်တွေကို သင်ပေးနေသည်။ သူတို့ စာသင်ခန်းများတွင် ပြဋ္ဌာန်းထားသည့် သင်ခန်းစာတွေက ကလေးများအတွက် အမှန်တကယ် သင့်လျော်သည့် ပညာရေးလား။

ဆိုရှယ်လစ်တွေက ကလေးတွေကို ဆိုရှယ်လစ်ဝါဒ သဘောတရားတွေ သင်ကြသည်။ သူတို့က အရင်းရှင်စနစ်ကို မုန်းတီးရေးအတွက် တိုက်ခိုက်ခိုင်းကြသည်။ ထိုပညာရေး စနစ်မျိုးကို အမှန်တကယ် လိုချင်ကြပါသလား။ သင်တို့ ကလေးတွေကို ထိုသဘောတရားများ ရိုက်သွင်းမည့် အစိုးရက ဖွင့်ထားသော ကျောင်းများ၊ တက္ကသိုလ်များကို သင်တို့ ကလေးတွေကို ပို့လိုက်လျှင် မည်သည့် ပညာတွေသာ ရမည်နည်း။

ပညာရေးသည် ဘဝ အောင်မြင်ရေးအတွက် အဓိက သော့ချက်ဖြစ်သည်ဆိုခြင်းမှာ မဟုတ်ပါ။ ဘဝတွင် လူမျိုးတန်ဖိုး၊ လူမှုတန်ဖိုး၊ အစဉ်အလာတန်ဖိုး၊ ဘာသာတန်ဖိုးများကလည်း ကလေးများအတွက် အဓိကကျသည့် တန်ဖိုးတွေကို ပေးနိုင်မည်လား။

မိဘတိုင်း မေးခွန်းတွေ မေးကြည့်သင့်သည်။ ဘဝတွင် ပညာသည် တန်ဖိုးရှိသည်တော့ မှန်သည်။ ပညာတန်ဖိုးကို မည်သူတွေက မည်သို့ အဆုံးအဖြတ် ပေးမည်နည်းဆိုသည့် တန်ဖိုးဖြတ်မှုကလည်း အရေးကြီးသည်။ 

ပညာကို စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ရှုထောင့် အသီးသီးမှ တန်ဖိုးဖြတ်နိုင်သည်။ သို့သော် ကလေးတွေကို ဘာကြောင့် ပညာသင်ကြားပေးမည်နည်း ဆိုသည်ကို မသိသော၊ အဖြေမရှိသူများထံသို့ ကလေးများ အပ်နှံထားပေးရသည်မှာ ရင်လေးစရာ ကောင်းလှသည်။                       

E-01
(Is Education Really the Key to Success in Life, Ben Armstrong)