POST TYPE

POPULAR POST

နာရေးအိမ် ဖဲဝိုင်းကို ဓားပြတိုက်
ရန်ကုန်၊ မေ ၉

ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဦးအောင်ဇေယျလမ်းနှင့် ဇောတိက ပန်းခြံလမ်းထောင့်တွင် မေလ ၅ ရက် ည ၁၁ နာရီခန့်က နာရေးအိမ် ဖဲဝိုင်းကို ဓားပြ ဝင်တိုက်ခံခဲ့ရကြောင်း အဆိုပါ ရပ်ကွက် ရာအိမ်မှူး ဦးခင်ဇော်က အတည်ပြု ပြောကြားသည်။

အဆိုပါ ဓားပြ ဝင်တိုက်ခံရသည့် နေအိမ်တွင် မေလ ၃ ရက်နေ့က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးမှာ ကလေး မွေးဖွားပြီး သေဆုံးသွားသည့်အတွက် ညလူစောင့် ရှိစေရန် ဖဲက စားဝိုင်းလုပ်ခဲ့ရာ မေလ ၅ ရက် ည ၁၁ နာရီခန့်က ဆိုင်ကယ်သုံးစီးဖြင့် လူအုပ်စု တစ်စု ရောက်ရှိလာပြီး ဖဲလောင်း ကစားဝိုင်း နှစ်ဝိုင်းရှိ လောင်းကြေးငွေများအား ဝင်ရောက် လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဦးခင်ဇော်က အတည်ပြု ပြောကြားသည်။

“ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ဘယ်သူမှ မရှိတော့ဘူး၊ အားလုံး ထွက်ပြေးသွားတယ်၊ ရဲနယ်ထိန်း တစ်ယောက်တော့ ရောက်လာတယ်လို့ ပြောတယ်၊ ဒဏ်ရာရတဲ့ သူလဲမရှိ၊ ဖဲလောင်း ကစားသူတွေဆိုတော့ အမှုဖွင့် တိုင်ကြားတာ မရှိဘူး၊ ဒီလောင်းကစားဝိုင်းကိုလဲ မလုပ်ဖို့ တားထားတယ်၊ ခွင့်ပြုချက် ပေး မထားဘူး၊ ဒါက ကျွန်တော်တို့ ရပ်ကွက်ထဲလာပြီး တမင်သက်သက် လူပါးဝသွားတာ”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။ 

ယင်းဖဲလောင်းကစား ပြုလုပ်သူများနှင့် ဝင်ရောက် ဓားပြတိုက်သူများမှာ ရပ်ကွက်အတွင်း နေထိုင်သူများ မဟုတ်ဘဲ အခြားတစ်နေရာမှ ရောက်ရှိလာသူများဖြစ်ကြောင်း၊ ဓားပြဝင်တိုက်သူများက မျက်နှာဖုံးစွပ်ထားခြင်း မရှိဘဲ တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဖဲလောင်းကစားသည့်ဝိုင်းမှ လောင်းကြေးငွေများကို ဝင်ရောက် လုယက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦးက ရှင်းပြသည်။

“သူတို့အချင်းချင်း တခြား တနေရာမှာ ဖြစ်လာတာနေမှာ သူတို့ လောင်းကစားသူ အချင်းချင်း ငြိခဲ့ဖူးတယ်နဲ့တူတယ်၊ ဘာမျက်နှာဖုံးမှ မစွပ်ထားဘူး၊ လူ ခုနစ်ယောက်လောက်က ဓားတွေ၊ တုတ်တွေ ကိုင်ဝင်လာတာမြင်တော့ ထွက်ပြေးလာခဲ့တာ၊ ညပိုင်းဆိုတော့ လူတွေလဲ ကောင်းကောင်း မမှတ်မိဘူး၊ ပါသွားတဲ့ငွေကတော့ သိန်း ၃၀ လောက် ရှိတယ်၊ ရွှေဆွဲကြိုးတွေလဲ ပါသွားတယ်လို့ ပြောကြတယ်”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။ 

ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့သည့်အတွက် ရပ်ကွက် တာဝန်ရှိသူ တစ်ဦးအနေနှင့် နောက်နောင် မဖြစ်ပေါ်စေရန် ရပ်ကွက်အတွင်း ဖဲလောင်းကစားဝိုင်း ကျင်းပပါက ရဲတပ်ဖွဲ့ထံ တိုင်ကြားဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရာအိမ်မှူး ဦးခင်ဇော်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေပြည်သာ မြို့မရဲစခန်းသို့ သွားရောက်မေးမြန်းရာ အမှုဖွင့် တိုင်ကြားထားခြင်း မရှိသည့်အတွက် မသိပါကြောင်း တာဝန်မှူး ရဲအရာရှိက ပြန်လည် ဖြေကြားခဲ့သည်။

J-16