News

POST TYPE

POPULAR POST

အိမ်အတွင်း ဝင်ခိုးသည့် ဆယ်ကျော်သက်နှစ်ဦး အိမ်ရှင်ကို ဓားဖြင့်ထိုး
09-May-2017 tagged as မှုခင်း

ရန်ကုန်၊ မေ ၈

လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ သရဖီလမ်း နေအိမ်တစ်လုံးတွင် မေလ ၇ ရက် နံနက် ၂ နာရီခွဲခန့်က နေအိမ်အိပ်ခန်းအတွင်း တစ်ဦးတည်း အိပ်ပျော်နေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်လာသည့် ၁၄ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးက ပါးစပ်ပိတ်ပြီး ဓားနဲ့ထိုးခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးအိပ်ခန်း အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ပါးစပ်ပိတ် ဓားနဲ့ ထိုးသူ ယောက်ျားလေး နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးနှင့် ရွှေလင်ပန်းတွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးက ပါးစပ်ပိတ်ကာ ဓားနဲ့ ထိုးမှုကြောင့် အိမ်ရှင်အမျိုးသမီး၏ ဘယ်ဘက်ဝမ်းဗိုက်နှင့် ဆီးခုံကြားတွင် ပွန်းခစ်စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမျိုးသမီးက အိမ်ထဲမှာ တစ်ယောက်တည်း အိပ်နေတာ၊ အဲဒီအချိန် ကလေးတွေက အိမ်ထဲကို ဝင်ခိုးတာနေမှာပါ၊ ဒါပေမဲ့ အိမ်ရှင်က အိပ်ပျော်ရာက နိုးလာလို့ မအော်နိုင်အောင် ပါးစပ်ပိတ်၊ ဓားနဲ့ ထိုးတာဖြစ်နိုင်တယ်၊ အမျိုးသမီးကလည်း သူတို့နှစ်ယောက်ကို ရုန်းကန်ပြန်လုပ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့အတွက် နယ်မြေလှည့်ကင်းရဲအဖွဲ့က ဝိုင်းဖမ်းခဲ့တာ၊ အမျိုးသမီးမှာ ရတဲ့ဒဏ်ရာကလည်း သိပ်မပြင်းပါဘူး” ဟု ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးအား ဓားနဲ့ထိုးသူ နှစ်ဦးကို လှိုင်သာယာ မြို့မရဲစခန်းမှ (ပ) ၁၆၁၁/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၈/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားသည်။

J-16