News

POST TYPE

POPULAR POST

မူးယစ်ဆေး မင်းကြီးတာက ထွက်နေသလော
ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသည့် စကားအတိုင်းပင် ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဗိုလ်မှူးတစ်ဦး ပါဝင်သည့်အဖွဲ့ စီးနင်းလာသော ယာဉ်ပေါ်မှ WY/R မူးယစ်ဆေးဝါး ကျပ်သိန်း ၈၈၀၀ တန်ဖိုး ဖမ်းမိခဲ့သည်။ ဧပြီလ ၃၀ ရက်နေ့ ည ၁၁ နာရီကျော်တွင် သုံးမိုင်စစ်ဆေးရေးဂိတ်၌ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မှ မောင်တောဘက်သို့ မောင်းနှင်လာသည့် ပါဂျဲရိုးယာဉ်ပေါ်မှ ဆေးပြား ၄၄၀,၀၀၀ ဖမ်းမိခြင်း ဖြစ်သည်။ ယင်းယာဉ်ပေါ်တွင် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးရဲဇေယျာ၊ တပ်သားသိန်းနိုင်၊ ယာဉ်မောင်း အပါအဝင် အရပ်သားနှစ်ဦး လိုက်ပါလာခဲ့သည်။  

ယင်းသို့ ဖမ်းမိမှုကြောင့် ရခိုင်ပြည်နယ်ရှိ မူးယစ်ဆေးဝါး မှောင်ခိုမှုများတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နေသည် ဆိုသည့် ဝေဖန်မှုများမှာ ပို၍ကျယ်လောင်လာသည်။

ရခိုင်ပြည်နယ်သည် မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်ရေးတွင် အဓိက ပင်မလမ်းကြောင်း တစ်ခုလည်း ဖြစ်သည်။ နယ်စပ် မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါး အပြန်အလှန် ကုန်သွယ်နေကြခြင်း ဖြစ်သည်။

“ဒီလမ်းကြောင်းမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှုမရှိရင် လုပ်လို့ကို မရဘူး” ဟု မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသည် ဖမ်းဆီး၍ မနိုင်လောက်အောင် ပေါများကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က မီဒီယာများကို ပြောဆိုထားသည်။

၂၀၁၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် WY စိတ်ကြွဆေးပြား ၁၈ သန်းကျော် ဖမ်းမိခဲ့သည်။ ငွေကြေးဖြင့် တွက်ချက်လျှင် ကျပ် ၅၆ ဘီလီယံကျော် တန်ဖိုး ရှိသည်။

မူးယစ်ဆေးဝါး အပင်များကို ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်ခြင်း မရှိဘဲ မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသမှ တစ်ဆင့် ရောက်ရှိလာခြင်းသာ ဖြစ်ကြောင်း ရခိုင် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ပြောဆိုထားသည်။ 

ရခိုင်ပြည်နယ်တွင် ဖမ်းမိသည့် မူးယစ်ဆေးဝါး အများစုမှာ ပိုင်ရှင်မဲ့ ဖြစ်သွားသည်။ ယင်းသို့ ပိုင်ရှင်အမှန်များကို ဖော်ထုတ်နိုင်ခြင်း မရှိသဖြင့် ပြည်သူများကြား ဝေဖန်မှု မြင့်တက်နေသည်။ ယင်းအပြင် အာဏာပိုင်များ ပါဝင်ပတ်သက်နေသလော ဆိုသည့် ဝေဖန်မှုများလည်း ရှိသည်။

ဝေဖန်ခံရသည့် အကြောင်းအရင်းလည်း ရှိသည်။ (၅၆၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ရဲဇေယျာအဖွဲ့ထံမှ ဖမ်းမိသည့်နည်းတူ အခြားသာဓကများလည်း ရှိသည်။ 

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ဖြစ်သည်။ မောင်တောမြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် အရပ်သားတစ်ဦး စီးနင်းလာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်ကို ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးရာ စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ဓာတ်တိုင်ကိုတိုက်ပြီး တိမ်းမှောက်ခဲ့၍ ၎င်းတို့ကို ဖမ်းမိခဲ့သည်။

ယင်းယာဉ်ကို စစ်ဆေးရာ WY စိတ်ကြွမူးယစ်ဆေးပြား သုံးသိန်းခန့် (တန်ဖိုး ကျပ်သိန်း ၅၈၅၀) ဖမ်းမိခဲ့သည်။

နောက်တစ်ခုမှာ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှု လက်အောက်တွင် ရှိသည့် မောင်တောမြို့နယ် ကျောက်ပန္တု ရဲကင်းခစန်းတွင် ဖြစ်သည်။

ကင်းစခန်း မီးဖိုခန်းအတွင်းတွင် မြေကျင်းတူးပြီး ဝှက်ထားသည့် ဆေးပြားသုံးသိန်းနီးပါး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖမ်းမိခဲ့ပြီး ယင်းအမှုတွင် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူမှု၊ ကွင်းဆက်တရားခံများကို ဖော်ထုတ်မှုများနှင့် ပတ်သက်၍ ဒေသအာဏာပိုင်များက သီးခြားသတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

မူးယစ်ဆေးဝါးတွင် ဖမ်းဆီးခံရသည့် အာဏာပိုင်းများ ရှိသကဲ့သို့ ဂုဏ်ပြုခံရသူများလည်း ရှိသည်။

မောင်တောခရိုင်တွင် မူးယစ်ဆေးပြား ၆၉ သိန်းကျော် ဖမ်းဆီးရမိရာတွင် အဓိက ပါဝင်ခဲ့သည့် ရဲတပ်ကြပ် ကိုကိုအောင်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် နှစ်ဆင့်တိုး ရာထူးဖြစ်သည့် ရဲအရာခံရာထူး တိုက်ရိုက်တိုးမြှင့်ပေးခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကို တစ်ဆင့်တိုး ရာထူး တိုးပေးခဲ့သည်။

 မူးယစ်ဆေးဝါး မှောင်ခိုမှုများတွင် အာဏာပိုင်များနှင့် မပူးပေါင်းလျှင် လုပ်ဆောင်၍ မအောင်မြင်နိုင်ကြောင်း မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောကြားသည်။ မူးယစ်ဆေးဝါမှုများ ဖမ်းမိရာတွင်လည်း မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်သူသာ ဖမ်းမိပြီး ပိုင်ရှင်များကို ဖမ်းမိခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
“ဖမ်းမိတဲ့လူက ပွဲစားလောက်ပဲ။ တကယ့်လက်သည်ကို ရှာလို့မရဘူး။ ကွင်းဆက်လိုက်ရင် အာဏာပိုင်တွေပါ ပါလာမယ်။ အဲဒါကြောင့် မလုပ်ရဲကြတာ” ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။

မူးယစ်ဆေးဝါးအမှုများ ဖမ်းမိရာတွင် အာဏာပိုင်များ ပါဝင်ပတ်သက်မှုကို ဖော်ထုတ်အရေးယူမှု နည်းပါးကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံအချို့ကို မေးမြန်း ချက်များအရ သိရသည်။

မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက မူးယစ်ဆေးဝါး မှောင်ခိုမှုများတွင် ပါဝင်သည့် အာဏာပိုင်များကို ဖမ်ဆီးကာ သက်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်နေကြောင်း ပြောဆိုသည်။

မူးယစ်ဆေးဝါး ကုန်သွယ်မှုများတွင် ဒေသအာဏာပိုင်များ ပါဝင်ပတ်သက်နေသည်ဟု ဝေဖန်မှုများ ထွက်နေသည့်အပေါ် မေးမြန်းရာ “အဲဒါကို ထင်မြင်ချက်တော့ ပေးလို့မရဘူး။ ပြစ်မှုကျူးလွန်သူကိုတော့ ပြစ်မှုကျူးလွန်တဲ့အလျောက် သက်ဆိုင်ရာ ဥပဒေနဲ့အညီ ထိရောက်တဲ့ပြစ်ဒဏ် ပေးနေတာပဲ” ဟု ၎င်းင်းက ဖြေကြားသည်။

အဆိုပါ ဒေသတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အာဏာပိုင်များကသာလျှင် မူးယစ်ဆေးဝါးမှုများကို ဖော်ထုတ်လျှင် အာဏာပိုင်များ၏ ပါဝင်ပတ်သက်မှု၊ ပိုင်ရှင်မှန်များကို ဖော်ထုတ်နိုင်မည် မဟုတ်ကြောင်း ဒေသခံများနှင့် နိုင်ငံရေးသမားအချို့က ပြောဆိုသည်။
“သီးသန့်စစ်ဆင်ရေးအဖွဲ့ ဖွဲ့ပြီးတော့ လာလုပ်မှရမယ်” ဟု မောင်တောမြို့ခံ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

မောင်တောခရိုင်တွင် မေယုစစ်ဆင်ရေး အမည်ရသည့် မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက တစ်လကြာ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး ကိုးဘီလီယံတန်ဖိုး ဖမ်းမိခဲ့သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမည့် အာဏာပိုင်များ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေလျှင် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ဘူးသီးတောင်မြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောဆိုသည်။ 
“တာဝန်ရှိတဲ့သူတွေက အမှန်တကယ် ပါဝင်နေတယ်ဆိုရင် မောင်တောခရိုင်မှာ မူးယစ်ဆေးဝါးကို ထိန်းချုပ်ဖို့အတွက် အလွန်တရာ ခက်ခဲမယ်” ဟု ၎င်းက သုံးသပ်သည်။
မူးယစ်ဆေးဝါး မထိန်းချုပ်နိုင်သည့် အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ မောင်တော အပါအဝင် မြို့အချို့တွင် မူးယစ်ဆေးဝါများကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေ ဖြစ်သေည်။

“မုန့်ပဲသရေစာ ဝယ်သလို ဝယ်လို့ ရတယ်။ ကွမ်းယာဆိုင်မှာလည်း ရတယ်” ဟု မောင်တောမြို့ခံတစ်ဦး ဖြစ်သူ ဦးစိန်လှဖြူက ပြောဆိုသည်။ 

မူးယစ်ဆေးဝါး ဖမ်းဆီးမှုများတွင် အာဏာပိုင်များ ပါဝင်သည့် အမှုများ တစ်စတစ်စ ထွက်ပေါ်လာသည်။ ယင်းအကျိုးဆက်အဖြစ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးမှာလည်း ပြက်ရယ်ပြုခံရနေရပြီ ဖြစ်သည်။

မူးယစ်ဆေးဝါး တစ်ခုတည်း မဟုတ်။ မောင်တောခရိုင်သည် ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ထွက်သွားလာခြင်း အပါအဝင် နိုင်ငံသားမဟုတ်သူများ အတွက် ပိတ်ပင်ထားသည့် ကိစ္စအများအပြားတွင် အာဏာပိုင်များကို ငွေကြေးပေးလျှင် အလွယ်တကူ ပြုလုပ်နိုင်သည့် အခြေအနေ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောမြို့မှ မြို့မိမြို့ဖတစ်ဦးကမူ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နေမှုအပေါ် အောက်ပါအတိုင်း သရော်လေသည်။ 
“ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်” 

The Voice