News

POST TYPE

POPULAR POST

လာမည့် နှစ် ၁၀၀ အတွင်း ကမ္ဘာမြေက ထွက်ခွာသင့်ကြောင်း စတီဖင် ဟော့ကင်း သတိပေး
လန်ဒန်၊ မေ ၎

ကမ္ဘာမြေပေါ်တွင် လက်ရှိနေထိုင်နေကြသည့် လူသားများ မျိုးမသုဉ်းချင်လျှင် လာမည့် နှစ် ၁၀၀ အတွင်း ကမ္ဘာမြေကြီးကို စွန့်ခွာသွားသင့်ကြောင့် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ထင်ရှားသည့် သီအိုရီ ရူပဗေဒပညာရှင် ဟော့ကင်းက ကမ္ဘာမြေပေါ်တွင် နေထိုင်လျက်ရှိကြသော လူသားများအနေနှင့် သဘာဝဘေးဒဏ်များ ဖြစ်သည့် ကောင်းကင်ပေါ်မှ ကျလာသော ဂြိုဟ်ပဲ့ကြီးများဒဏ်၊ ကူးစက်ရောဂါများကြောင့် သေဆုံးရမည့်ဒဏ်၊ လူဦးရေ အဆမတန် သိပ်သည်းလာခြင်းနှင့် ရာသီဥတု ပြောင်းလဲလာခြင်းများကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားမည် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားရန် သတိပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

လာမည့် ရာစုသစ်တစ်ခု ကာလတွင် ကမ္ဘာမြေကြီးသည် နေထိုင်ချင်စရာ မကောင်းသည့် အနေအထားသို့ ရောက်လာနိုင်သဖြင့် ဟော့ကင်းက လူသားတို့ နေထိုင်နိုင်မည့် အခြားသော ဂြိုဟ်သစ်တစ်လုံးကို ရှာဖွေကာ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးထားပြီး ဖြစ်သည်။

ဇွန်လတွင် ဘီဘီစီရုပ်သံက ထုတ်လွှင့်မည့် အနာဂတ်ကမ္ဘာဆိုသော ကဏ္ဍ၌ ပါမောက္ခ ဟော့ကင်းသည် မှတ်တမ်းအစီအစဉ်သစ်တစ်ခု ဖြစ်သော Expedition New Earth ၌ ပါဝင်ပြီး အာကာသထဲတွင် နေရာသစ် ရှာဖွေနေထိုင်ခြင်း အကြောင်းများကို တင်ဆက်မည် ဖြစ်ကြောင်ွး Reuters တွင် ရေးသားထားသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက ဟော့ကင်းသည် လာမည့်နှစ်ပေါင်း ၁၀၀၀ အတွင်း ကမ္ဘာကြီး ပျောက်ကွယ်ပျက်စီးတော့မည့် အကြောင်းကို ကြိုတင်နိမိတ်ဖတ်ထားပြီး လူသားမျိုးဆက်ကို တည်ကျန်နေစေချင်လျှင် အခြားဂြိုဟ်သစ်တစ်ခုကို ရှာဖွေပြီး သွားနေရန်မှတစ်ပါး အခြားနည်းလမ်း မရှိကြောင်း ပြောပြထားပြီး ဖြစ်သည်။

ဟော့ကင်းက တစ်နေ့တွင် Big Bang ဟုခေါ်သည့် မဟာစကြဝဠာကြီး ပေါက်ကွဲမှု ဖြစ်လာပြီးနောက် ကြီးမားပြင်းထန်သော ဆွဲအားလှိုင်းကြီးများ ပေါ်ပေါက်လာနိုင်မှုနှင့် ယင်း၏ သက်ရောက်မှုများကိုလည်း သီအိုရီအရ ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ 

ဟော့ကင်းသည် Virgin ကုမ္ပဏီမှ သူဌေး ရစ်ချတ် ဘရန်ဆန် စီစဉ်ပေးသော အာကာသယာဉ်ဖြင့် အာကာသအတွင်း ခရီးထွက်ရန်အတွက် လေ့ကျင့်ခန်းများဆင်းရန် ပြင်ဆင်နေကြောင်း၊ သူ့အနေနှင့် အာကာသအတွင်း နယ်ပယ်သစ် ရှာဖွေရေးကို ကူညီပေးသွားရန် အသင့်ရှိနေကြောင်း ပြောကြားသည်။