News

POST TYPE

POPULAR POST

ပြည်လမ်း ဘီအိုစီ မှတ်တိုင်တွင် ကိုယ်ပိုင်ယာဉ်တစ်စီး ဓားပြတိုက်ခံရ
05-May-2017 tagged as ဓားပြ

ရန်ကုန်၊ မေ ၎

မင်္ဂလာဒုံမြို့နယ်ရှိ ပြည်လမ်း ဘီအိုစီမှတ်တိုင်တွင် Honda Fit အမျိုးအစား အဖြူရောင် ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်ပါ မိသားစုဝင်များကို အမည်မသိ အမျိုးသားလေးဦးက ဓားပြခြိမ်းခြောက်၍ လက်ဝတ်ရွှေထည်နှင့်ငွေများ လုယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသည့် မိသားစုမှာ ပဲခူးမြို့တွင် နေထိုင်သူများဖြစ်ပြီး မေလ ၂ ရက် ည ၁၁ နာရီခွဲက ရန်ကုန်လေဆိပ်မှ နေအိမ်သို့ ကိုယ်ပိုင်ယာဉ်ဖြင့် ပြန်လာစဉ် ပြည်လမ်းရှိ ဘီအိုစီမှတ်တိုင် အရောက် ယာဉ်ရပ်ပြီး ကလေးဖြစ်သူ လမ်းဘေး၌ အပေါ့သွားချိန် နောက်အမိုးဖွင့်ထားသည့် အဖြူရောင်ဗင်တစ်စီး ရောက်ရှိလာပြီး ယင်းယာဉ်ပေါ်ပါ အမျိုးသားလေးဦးက ဓားပြခြိမ်းခြောက်၍ ငွေနှင့်ရွှေထည်များ လုယူသွားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ သိရသည်။

“သားဖြစ်သူ ကိုရီးယားသွားလို့ မိသားစုလိုက် ကားနဲ့လိုက်ပို့ပြီး ပဲခူးက နေအိမ်ပြန်ချိန် လမ်းခုလတ်မှာ လုယက်ခံရတာ၊ ကားပေါ်ပါလာတဲ့ မြေးဖြစ်သူကို အပေါ့ဆင်းတည်ချိန် လူလေးယောက်က ကားနဲ့ရောက်လာတယ်၊ ပြီးတော့ သူတို့ကို ဓားတွေနဲ့ထောက်ပြီး ရှိတာအကုန်ထုတ် ဆိုပြီး ဝတ်ထားတဲ့ ရွှေတွေနဲ့ လက်ကိုင်ဖုန်း၊ ငွေတွေ လုယူသွားတာပါ၊ ပြစ်မှုကျူးလွန်သူတွေကို မမိသေးပါဘူး” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဓားထောက်ခြိမ်းခြောက်လုယက်သူများမှ ကိုယ်ပိုင်ယာဉ်ပေါ်ပါ  မိသားစုဝင်များ ဝတ်ဆင်ထားသည့် စိန်နားကပ်တစ်ရန်၊ လက်စွပ်နှစ်ကွင်း၊ ဆွဲကြိုးသုံးကုံးနှင့် ငွေကျပ် ငါးသိန်း၊ iPhone 7 လက်ကိုင်ဖုန်းတစ်လုံးနှင့် Mi လက်ကိုင်ဖုန်း တစ်လုံးတို့ကို ယူဆောင်သွားပြီး ထောက်ကြန့်ဘက်သို့ ယာဉ်မောင်းနှင် ထွက်ပြေးခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန် မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၅၄၄/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

S-03