News

POST TYPE

POPULAR POST

ကုန်သယ်ယူခွင့် လိုင်စင်ဖြင့် ကွန်တိန်နာ တင်ဆောင်ပါက ယာဉ်မောင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းကိုပါ အရေးယူမည်

ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်းအတွင်း ကုန်သယ်ယူခွင့်လိုင်စင်ဖြင့် ကွန်တိန်နာတင်ပါက ယာဉ်မောင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းကိုပါ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုလက်ရှိတွင် ကုန်စည်တင်ဆောင်ခွင့်အတွက် ကုန်စုံသယ်ယူခွင့်လိုင်စင် ချထားပေးပြီး ကွန်တိန်နာတင်ဆောင်ခွင့်အတွက် လိုင်စင် သီးသန့် ချထားပေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ကုန်စုံသယ်ယူခွင့်လိုင်စင်နဲ့ ကွန်တိန်နာ တင်မယ်ဆိုရင် အရေးယူခံရမယ်။ ကွန်တိန်နာ သွင်းခွင့်လိုင်စင်နဲ့လည်း အခြား ကုန်တင်လို့ မရဘူး။ ယာဉ်မောင်းကိုရော  သက်ဆိုင်ရာ လုပ်ငန်းကိုပါ အရေးယူသွားမယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ကုန်စုံသယ်ယူခွင့်လိုင်စင်နှင့် ကွန်တိန်နာ တင်သွင်းခွင့်လိုင်စင် သီးခြားစီ ချထားပေးထားပြီးဖြစ်ရာ ကုန်တင်ယာဉ်များ ဝင်ထွက် သွားလာမှုကို အချိန်များ ခွဲခြား သတ်မှတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ကုန်စည်တင်ယာဉ်များနှင့် ကွန်တိန်နာယာဉ်များ သွားလာမှုကို ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က စောင့်ကြည့် စစ်ဆေး ဖမ်းဆီးနေသည့်အပြင် မြစ်ကူး တံတားများတွင်လည်း သတ်မှတ်ထားသည့် တန်ချိန်ထက် ပိုမို တင်ဆောင်ပါက တံတား ဖြတ်သန်းခွင့်ပေးမည် မဟုတ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-10