News

POST TYPE

POPULAR POST

မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယို (Porn Movie) ရိုက်ကူးသူများကို အရေးယူမည်
24-Apr-2017
ရန်ကုန်၊ ဧပြီ ၂၄

မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကား (Porn Movie) ထွက်ရှိလာခြင်းနှင့်စပ်လျဉ်း၍ ရိုက်ကူးသူများကို အရေးယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စတင် စုံစမ်းနေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာ့ ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကားသည် ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကတစ်ဆင့် ပျံ့နှံ့ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးထံသို့ The Voice က ဆက်သွယ် မေးမြန်းခဲ့ရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကားကို Art of Myanmar Production ဟု အမည်ပေးထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖြန့်ချိခြင်းဖြစ်ပြီး ဇာတ်ကားရိုက်ကူးခြင်းဆိုင်ရာ အချက်အလက်များကိုလည်း ၎င်းတို့က အသေးစိတ် ဖော်ပြထားသည်။

Art of Myanmar Production သည် ယနေ့ (ဧပြီလ ၂၄ ရက်) နံနက်တွင် ယင်းမြန်မာ့ပထမဆုံး ညစ်ညမ်း ဗီဒီယိုဇာတ်ကား၏ လေးမိနစ်ကျော်စာ နမူနာကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စတင်လွှင့်တင်ခဲ့ကာ ဇာတ်လမ်း ကြာမြင့်ချိန် နှစ်နာရီကျော်ကြာသည့် ဇာတ်ကား အပြည့်အစုံကိုမူ ဝယ်ယူသူများထံသို့ ရောင်းချပေးခဲ့ကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။ 

Art of Myanmar Production က ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ “ဒီနေ့အတွက် အရောင်း ခဏ ပိတ်ထားပါတယ်။ မနက်ဖြန် မနက် ၈ နာရီ ဆက်လက် ရောင်းချပါမယ်။ ဒီနေ့ စာ ၂၀၀၀ ကျော်ဝင်၍ Viber လည်း ပျက်သွားပြီး အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ လိမ်လည်ခြင်း မရှိပါ။ ငွေလွှဲပြီး Link မရသေးသောသူများ ငွေလွှဲပြေစာပြပြီး Chat Box တွင် တောင်းလို့ရပါတယ်။ စာမပြန်ရသေးသောသူများ မနက်ဖြန်မနက် စာပြန်ပေးပါမယ်”ဟု ရေးသားလွှင့်တင်၍ ဇာတ်ကား ဝယ်ယူလိုသူများကို အသိပေးထားသည်။

Art of Myanmar Production သည် ၎င်းတို့၏ ညစ်ညမ်းဗီဒီယိုဇာတ်ကားတွင် ပါဝင်သော သရုပ်ဆောင်များ၏မျက်နှာများကိုမူ နည်းပညာဖြင့် အနည်းငယ် မှုန်ဝါးထားကာ ဇာတ်ကားအပြည့်အစုံတွင် သရုပ်ဆောင်များနှင့် အမေးအဖြေ ၁၅ မိနစ်စာလည်း ထည့်သွင်းပေးထားကြောင်း နမူနာ လွှင့်တင်ရာတွင် အသိပေးထားသည်။


  • VIA