News

POST TYPE

POPULAR POST

ကြောင်မှ လူကိုကူးစက်၍ အန္တရာယ်ဖြစ်စေသော အကြောင်းရင်း ရှစ်မျိုး
08-Apr-2017 tagged as


အိမ်မွေးတိရစ္ဆာန် ချစ်ကြသူတွေအတွက် ခွေးနဲ့ကြောင်ဟာ လူနဲ့ အနီးစပ်ဆုံးမှာနေရတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ခွေးကို အကောင်ကြီးမားတာကြောင့်ဖြစ်စေ၊ သူ့ဗီဇ၊ အနေအထိုင်ကြောင့်ဖြစ်စေ လူတွေက သတိထားလေ့ ရှိကြပေမယ့် ကြောင်တစ်ကောင်ကိုတော့ သေးငယ်ပေါ့ပါးတဲ့ သူ့သွင်ပြင်ကြောင့် အလေးဂရုမပြုတတ်ကြပါဘူး။ ကြောင်ဟာလည်း နေအိမ်အနှံ့ အထက်အောက်မရွေး သွားလာ နေထိုင်လေ့ရှိတဲ့ သတ္တဝါပါ။ ခွေးကိုက်ရင် သတိထားကြပေမယ့် ကြောင်ကိုက်ရင် ပေါ့ဆတတ်ကြတာမို့ ရန်ကုန်မြို့ ဖြိုးတိရစ္ဆာန် ဆေးကုခန်းက တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ပြုံးဝေလှိုင်ကို တွေ့ဆုံမေးမြန်း ထားတာတွေထဲက ကြောင်ကနေ ဘယ်လိုရောဂါတွေ၊ ပိုးမွှားတွေက လူကိုကူးစက်စေပြီး အန္တရာယ်ရှိတယ်ဆိုတာ သတိပြုရမယ့်အချက် ရှစ်ချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ကြောင်သန်း

ခြောက်သွေ့ရာသီဖြစ်တဲ့ ဆောင်းဦး၊ နွေဦးဟာ ကြောင်သန်းတွေ မျိုးပွားတဲ့ရာသီပါ။ ကြောင်သန်းဟာ ကြောင်ကိုသာမက လူကြီး၊ ကလေးမရွေးကိုလည်း ကိုက်နိုင်ပါတယ်။ နူးညံတဲ့ ကလေးအသားကိုတော့ ပိုကိုက်တတ်ပါတယ်။ ကြောင်သန်း ကိုက်ရာက ဝဲနဲ့ဆင်တူတဲ့ အနာတွေ ဖြစ်နိုင်ပါတယ်။ ကြောင်သန်း နှိမ်နင်းဖို့ ဆေးကို တိရစ္ဆာန်ဆေးခန်းတွေနဲ့ ဆက်စပ်ပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ သန်းနှိမ်နင်းတဲ့ နည်းလမ်းမှန်ဖို့တော့ လိုပါတယ်။

ကြောင်ရူးပြန်ရောဂါ

ခွေးရူးပြန်ရောဂါကို လူတွေ သိကြပါတယ်။ ခွေး၊ ကြောင်၊ မျောက်တို့လို နို့တိုက် သတ္တဝါတွေမှာ ရှိတတ်တဲ့ ရောဂါဟာ ကိုက်ခံရမှ မဟုတ်ပါဘူး။ အနာ ရှိနေတဲ့နေရာကို ရောဂါပိုးရှိနေတဲ့ခွေး၊ ကြောင်က လျှာနဲ့လျက်ရင်လည်း ကူးပါတယ်။ ပူပြင်းတဲ့ရာသီမှာ ရူးတတ်တာ မဟုတ်ပါဘူး။ ဦးနှောက်နဲ့ အာရုံကြောကို တိုက်ခိုက်တဲ့ Rabies Virus က ကားတိုက်ခံရတာ၊ အမြင့်က ပြုတ်ကျတဲ့ အချိန်မျိုးမှာ ကိုယ်ခံအား နည်းနေစဉ်မှာ ဗိုင်းရပ်စ်ကထကြွပြီး ရူးစေတာဖြစ်ပါတယ်။ ဒါကြောင့် ကြောင်လေးတွေ အသက် သုံးလပြည့်တာနဲ့ ကြောင်ရူးပြန် ကာကွယ်ဆေး ထိုးပေးပါ။

Toxoplasmosis

ကြောင်ရဲ့ မစင်မှာရှိတတ်တဲ့ ဘက်တီးရီးယားပါ။ ကြောင်လေးတွေကို ချစ်တဲ့စိတ်နဲ့ အိမ်ထဲမှာ မစင်စွန့်ဖို့ နေရာလုပ်ပေးတတ်ကြသူတွေ သတိထားရပါမယ်။ ကြောင်ရဲ့မစင်မှာ Toxoplasmosis ဖြစ်စေတဲ့ ဥတွေ ရှိတတ်ပါတယ်။ မစင်တွေကို ကိုယ်က စွန့်ပစ်ပေးရာမှာ လက်အိတ်မပါဘဲ သွားကိုင်မိမယ်ဆိုရင်  အသည်းရောင် အသားဝါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေ ကလေးမွေးတဲ့အခါ ကလေးမျက်စိ မမြင်တာအပြင် ကလေး အသေမွေးတတ်တဲ့အထိ ဆိုးတာပါပဲ။ ကြောင်ကို သန့်ရှင်းရေး လုပ်ပေးပါ။ မစင်ကို ကိုင်တွယ်ပြီးရင် လက်သည်းကြားတွေအထိ ပြောင်အောင် ဆပ်ပြာနဲ့ဆေးပါ။

သန်ကောင်

သန်လုံးကောင်၊ သန်ပြားကောင်၊ ချိတ်သန်ကောင်တွေကို ကြောင်ဆီကနေ ကူးနိုင်ပါတယ်။ ကြောင်မှာ သန်ရှိနေပြီဆိုရင် ကြောင်ကပိန်တယ်၊ ဗိုက်ပူတယ်၊  အမွှေးကျွတ်တယ်၊ ယားတယ်။ မစင်မှာလည်း သန်တွေ ပါတတ်ပါတယ်။ ကြောင်ကို ခြောက်လ တစ်ကြိမ် သန်ချပေးပါ။ လူကို ကူးနေပြီဆိုရင်တော့ အာရုံကြော လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်မယ်၊ အစာအိမ်ထိမယ်၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါမယ်။

အမွေး

ကြောင်အမွေးအမှင်တွေ ပါးစပ်ထဲ၊ နှာခေါင်းထဲ ဝင်ရင်တော့ လေပြွန်ရောင်တတ်ပါတယ်။ အကြောင်းအရင်းမရှိ လူက ချောင်းဆိုးနေတတ်ပါတယ်။

မေးခိုင်ရောဂါ

ကြောင်ဒဏ်ရာရရင် ပိုးသတ်ဆေး လိမ်းပေးပါ။ မေးခိုင်ကာကွယ်ဆေး ထိုးပေးပါ။ မေးခိုင်ရောဂါက လူကို ကူးစေပါတယ်။ ကြောင်ကုတ်၊ ကြောင်ကိုက်ရင် မေးခိုင် ကာကွယ်ဆေးထိုးပါ။ မေးခိုင်ရောဂါကို မပေါ့ဆပါနဲ့။ လူသေနိုင်ပါတယ်။ ကြောင်အသက် သုံးလမှာ မေးခိုင်ကာကွယ်ဆေးထိုးပေးပါ။ 

အရေပြားရောဂါ

ကြောင်မှာ သန်းရှိနေရင် ဝဲဖြစ်နိုင်ပါတယ်။ ကြောင်မှာ ပွေးလည်း ရှိနိုင်ပါတယ်။ အဲဒီ အရေပြားရောဂါတွေက လူကို ကူးစက်နိုင်ပါတယ်။ ကုရင် ပျောက်တဲ့ရောဂါပါ။

မျက်စိနာ

ကြောင်တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် မျက်စိနာပြီး မျက်ဝတ် ထွက်စေပါတယ်။ ကလေးတွေက မျက်ဝတ်ထွက်တာကို သုတ်ပေးလေ့ရှိပါတယ်။ သတိထားပါ။ ကြောင်ကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်လို့ ကာကွယ်ဆေး ထိုးပေးနိုင်ပါတယ်။ ကြောင်တွေမှာ တုပ်ကွေးရောဂါ ဖြစ်ရင်တော့ နှာချေ၊ မျက်ရည်ကျ၊ နှာခေါင်းနဲ့ အသက်မရှူနိုင်ဖြစ်ပြီး ပါးစပ်နဲ့ အသက်ရှူကြပါတယ်။ နှာချေတာ လူကို မကူးပေမယ့်  မျက်စိနာတာက လူကို ကူးစေနိုင်ပါတယ်။ ကြောင်တစ်ကောင်ဖြစ်ရင် အခြားကြောင်တွေကိုပါ ကူးစက်ပြီး အုပ်စုလိုက် သေတတ်ပါတယ်။

ရလေး

  • TAGS