News

POST TYPE

POPULAR POST

အိမ်ရှိ လျှပ်စစ်မီးများကို ကျောင်းမှ လှမ်းပိတ်နိုင်မည့်စနစ် တီထွင်သူ ကျောင်းသား ထောက်ပံ့ကြေးရရှိ
05-Apr-2017 tagged as

လန်ဒန်၊ ဧပြီ ၎

အသက် ၂၁ နှစ်သာ ရှိသေးသည့် ဗြိတိန် Kent နယ်မှ Maidstone မြို့တွင် နေထိုင်သူ ကျောင်းသားတစ်ဦးသည် ဖုန်းကို အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် အိမ်ရှိ မီးခလုတ်များအား ကျောင်းမှ ထိန်းချုပ်ဖွင့်၊ ပိတ်နိုင်သည့်စနစ်ကို တီထွင်နိုင်ခဲ့သောကြောင့် လုပ်ငန်းကို ရှေ့ဆက်တီထွင် လုပ်ဆောင်နိုင်စေရန် စတာလင်ပေါင် တစ်သန်း ထောက်ပံ့ချီးမြှင့်ခြင်းခံရကြောင်း Mail Online သတင်းတွင် ဖော်ပြထားသည်။

စမတ်ဖုန်းနှင့် ဆော့ဖ်ဝဲကို အသုံးပြုပြီး အိမ်ရှိ လျှပ်စစ်မီး အသုံးပြုနေမှုများကို အဝေးကတစ်ဆင့် လှမ်း၍ စစ်ဆေးနိုင်ခြင်းမှာ လျှပ်စစ်မီးကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို တားဆီးနိုင်သည့်အပြင်၊ လျှပ်စစ် ဓာတ်အားကိုလည်း ချွေတာရာ ရောက်နိုင်သောကြောင့် အကျိုးရှိနိုင်မည့် တီထွင်မှုတစ်ခု အနေနှင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အဝေးထိန်းစနစ်ဖြင့် ဖုန်းကို အသုံးပြုကာ အိမ်တွင်း လျှပ်စစ်မီးများကို ထိန်းချုပ်နိုင်သည့် ကျောင်းသားမှာ ယာဆာခါတက် ဆိုသူဖြစ်ပြီး၊ သူ၏တီထွင်မှုကို Den ဟု အမည်ပေးထားကာ ဗြိတိန်၏ စီးပွားရေးအတွက် စွမ်းအင်ဆုံးရှုံးမှုကို စတာလင်ပေါင် ၁ ဒသမ ၇ ဘီလီယံခန့် သက်သာသွားစေနိုင်မည်ဟု ပြောကြားသည်။

အဝေးထိန်းစနစ်ဖြင့် ဖုန်းကိုအသုံးပြု၍ အိမ်တွင်း လျှပ်စစ်မီးများကို စစ်ဆေးပြီး ဖွင့်ခြင်း၊ ပိတ်ခြင်းကို မိမိအိမ်နှင့် မီတာ ၂၀ ခန့် အကွာအဝေးအတွင်း ပြုလုပ်နိုင်ပြီး၊ ခါတက်သည် GCSE စာမေးပွဲကို ဖြေဆိုနိုင်ရန် လေ့လာနေစဉ် ဤစနစ်ကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ခါတက်သည် ပါကစ္စတန် နိုင်ငံသား ဆရာဝန်တစ်ဦး၏သားဖြစ်ပြီး ဆော်ဒီနိုင်ငံတွင် မွေးဖွားခဲ့ကာ အထက်တန်း ကျောင်းသားဘဝကတည်းက တီထွင်မှုပေါင်း များစွာကို လက်တည့်စမ်း လုပ်ဆောင်ခဲ့မှုများကြောင့် ကျောင်းကလည်း ၁၆ ကြိမ်တိုင်အောင် ခေတ္တ ထုတ်ပယ်ခြင်း ခံခဲ့ရသူတစ်ဦး ဖြစ်သည်။

ခါတက်သည် အထက်တန်း ကျောင်းသားဘဝကတည်းက Den ဆိုသည့် တီထွင်မှု လုပ်ငန်းစုကို ထူထောင်ထားပြီး ဓာတ်ဆီဆိုင်များတွင် တပ်ဆင်နိုင်မည့် လေသန့်စက်၊ MP3 နားကြပ်များကို တီထွင် ရောင်းချနိုင်ခဲ့သောကြောင့် စတာလင်ပေါင် ၂၀ဝ၀ဝ ကျော်ရရှိပြီး ကိုယ်ပိုင် တီထွင်မှုလုပ်ငန်းကို ထူထောင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယာဆာ ခါတက်သည် ယခုအခါ Amstrad ကုမ္ပဏီမှ CEO ဟောင်း ဘော့ဝပ်ကင်ကို Den ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာအဖြစ် ခေါ်ယူခန့်ထားကြောင်း Daily Online သတင်းတွင် ရေးသားထားသည်။

  • TAGS