News

POST TYPE

POPULAR POST

ပြည်ထောင်စု ဘဏ္ဍာခွဲဝေမှု မမျှတခြင်းကို ဦးစားပေး လုပ်ဆောင်မည်ဟု ဒေါက်တာအေးမောင်ဆို
05-Apr-2017 tagged as ANP

စစ်တွေ၊ ဧပြီ ၎

ကြားဖြတ် ရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်၊ အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က လွှတ်တော်တွင် ပြည်ထောင်စု ဘဏ္ဍာခွဲဝေမှု မမျှတမှုကို ပထမ ဦးစားပေးအနေနှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စု အစိုးရအနေနှင့် ၉၀ ရာခိုင်နှုန်းခန့်ထိ သုံးစွဲပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး နှစ်ခုပေါင်းမှ ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိနေမှုကို ပြင်ဆင်၍ ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း အချိုးကျ ၅၀ ရာခိုင်နှုန်းတူ ရရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်အစိုးရ လက်ထက်တုန်းက ကြိုးစားဆောင်ရွက်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ဒေါက်တာ အေးမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ်မှ ယှဉ်ပြိုင်ရာ ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။

ဒေါက်တာအေးမောင်သည် ယခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးသောင်းငြိမ်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဦးဇော်ဝင်းမြင့်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်လင်းအောင်တို့ကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။                

R-04