News

POST TYPE

POPULAR POST

မကွေး ကေတီဗီ မီးလောင်မှု တပ်မတော်သားနှင့် အစိုးရဝန်ထမ်းအချို့ အပါအဝင် ၁၅ ဦးသေဆုံး
04-Apr-2017
မကွေး၊ ဧပြီ ၃ 

မကွေးမြို့ မြင်သာရပ်ရှိ ကေတီဗီ တစ်ခုတွင် ဧပြီလ ၂ ရက်နေ့ ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ တပ်မတော်သား၊ အစိုးရ ဝန်ထမ်းအချို့နှင့် ဘဏ်ဝန်ထမ်းတစ်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

တပ်မတော်သား နှစ်ဦးတွင် အရာခံ ဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပါဝင်ပြီး မကွေးအခြေစိုက် တပ်ရင်းမှ ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်း အချို့တွင် ပညာရေးဘက်မှ ဝန်ထမ်းအချို့လည်း ပါဝင်ကြောင်း၊ ယင်းအပြင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်း တစ်ဦးလည်း ပါဝင်နေကြောင်း ယင်းသတင်းအရ သိရှိရသည်။
  
သေဆုံးသွားသူတို့အနက် ၆ ဦးခန့်မှာ အသက်၂၀ ကျော် အရွယ်များ ပါဝင်နေသကဲ့သို့ ကေတီဗီမှ အမျိုးသမီး ဝန်ထမ်း ၄ ဦး ပါဝင်နေပြီး အမျိုးသမီး ဝန်ထမ်းများ၏ အသက်ကို စိစစ်နေဆဲ ဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကေတီဗီဆိုင်မှာ မကွေးမြို့ မြင်သာရပ် ၂၉ လမ်းနှင့် သစ္စာလမ်းထောင့်၌ ပေ ၄၀ x ၆၀ မြေကွက်ပေါ်တွင် နှစ်ထပ် အဆောက်အအုံအဖြစ် တည်ဆောက်ထားသည့် ရွှေမြတ်မင်းသမီး ကာရာအိုကေ အဆင့်မြင့် စားသောက်ဆိုင် (ကေတီဗီ)  ဖြစ်ပြီး ယင်းဖြစ်စဉ်သည် မကွေးမြို့အတွက် အကြီးကျယ်ဆုံးနှင့် လူအသေအပျောက် အများဆုံး မီးလောင်မှုတစ်ခု ဖြစ်ခဲ့သည်။

မကွေးမြို့တွင် ကေတီဗီ စားသောက်ဆိုင် ၂၀ ကျော်ရှိပြီး ယခု မီးလောင်မှု ဖြစ်ပွားသည့် ကေတီဗီမှာ လူသိများသော ကေတီဗီ စားသောက်ဆိုင်တစ်ခုဖြစ်ကြောင်းလည်း ဒေသခံများက ပြောကြားသည်။

“ဘယ်သူမှမနေတဲ့ အခန်းထောင့်က မီးဘုတ်ခုံမှာ မီးတောက်နေတာတွေ့လို့ မိန်းချဖို့ အော်ဟစ်နေတုန်းမှာပဲ မီးတောက်က ကြီးလာတယ်”ဟု မီးလောင်ရာမှ ထွက်ပြေး လွတ်မြောက်လာသူ ဆိုင်ဝန်ထမ်း လူငယ်တစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်မှုတွင် ပိတ်မိသေဆုံးသူ ၁၅ ဦးအနက် အမျိုးသားများသည် မကွေးမြို့၊ သိင်္ဂါရပ်၊ မြင်သာရပ်နှင့် ကျွန်းစုရပ်တို့တွင် နေထိုင်သည့် အသက် ၂၃ နှစ်မှ ၃၆ နှစ်အရွယ် ရှိသူများဖြစ်ကြောင်း၊ အမျိုးသမီးဝန်ထမ်း လေးဦးသေဆုံးကြောင်းနှင့် တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံ၌ ကုသမှု ခံယူနေကြောင်း မကွေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးစိန်အောင်က ပြောကြားသည်။

မီးလောင်မှုဖြစ်စဉ်အတွင်း ပိတ်မိသေဆုံးသူ အမျိုးသား အများစုသည် ဆိုင်ဝန်ထမ်းများ မဟုတ်ဘဲ လာရောက် အပန်းဖြေသူများဖြစ်ကြောင်း မြို့ခံ အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းညက အော်ဟစ်သံများကြား ရပြီးနောက် မကြာမီတွင် ဆိုင်ဝန်ထမ်း အမျိုးသားနှစ်ဦး ခုန်ချနေသည်ကို တွေ့မြင်လိုက်ရပြီး မိနစ်ပိုင်းမျှအကြာတွင် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် ထွက်ပြေးလာသည်ကို တွေ့ရှိရကြောင်း မျက်မြင်တစ်ဦးက ပြောဆိုသည်။

“အခန်းလေးတွေက ကျဉ်းတယ်။ ရန်ကုန်မှာဖွင့်တဲ့ ကေတီဗီလို မဟုတ်ဘူး။ ဖြစ်သလို ဖွင့်ထားတာ”ဟု မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်မှုတွင် လက်ရှိအချိန်အထိ သေဆုံးသူ ကျား ၁၁ ဦး၊ မ ၄ ဦးပေါင်း ၁၅ ဦးအထိရှိကာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ မဝတ်ရည် (ဆိုင်ဝန်ထမ်း)မှာလည်း တစ်ကိုယ်လုံး မီးလောင်ခံရသည့် ဒဏ်ရာများဖြင့် မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိသည်။

“လက်ရှိ အနေအထားကတော့ စစ်ဆေးမှုတွေ လုပ်နေဆဲပါ။ ဖြစ်စဉ်မှာ အဓိကကျတဲ့ ဆိုင်မန်နေဂျာကို ခေါ်ထားပေမယ့် မီးထဲပါသွားသလား။ ဘယ်မှာလဲ မသိရသေးဘူး”ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ပတ်သက်နိုင်သူများကိုလည်း ခေါ်ယူထားပြီး အချက်အလက်အချို့ကို အတည်ပြုရန် ခက်ခဲနေသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မီးလောင်မှုကို စစ်သည်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ရပ်ကွက်နေသူများက ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့ကြသည်။
 
ယင်းမီးလောင်မှုကို နယ်/လုံဝန်ကြီး၊ တိုင်းမီးသတ်ဦးစီးမှူး၊ ယာယီစစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်မြဝင်းတို့လည်း လာရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
 
အဆိုပါ ကာရာအိုကေဆိုင်သည် လုပ်ငန်းလိုင်စင်ရှိပြီး ယစ်မျိုးလိုင်စင်လည်းရှိကြောင်း မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် အဓိကအချက်မှာ အိမ်သုံးမီတာ တစ်လုံးကို အဲယားကွန်း ငါးလုံးနှင့် ရေခဲသေတ္တာနှစ်လုံး တပ်ဆင်ထားပြီး အခြားသော လျှပ်စစ် သုံးစွဲမှုများကြောင့် ဝန်အားမမျှကာ မီးကြိုးများ အပူလွန်၍ ရှော့ခ်ဖြစ်ရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က အတည်ပြု ပြောဆိုသည်။

“မီးလောင်နေချိန်မှာ ဆိုင်မန်နေဂျာ ရောက်လာတယ်။ စောင်တွေ ရေဆွတ်ပတ်ပြီး အခန်းထဲကလူတွေ ကယ်ထုတ်နိုင်ဖို့ သူနဲ့ကျွန်တော် ကြိုးစားတယ်။ မီးတွေက များလွန်းတော့ ကျွန်တော်က ပြန် ပြေးလာတယ်။ သူအထဲ ဝင်သွားတယ်။ ပြန်ထွက်လာတာတော့ မမြင်မိဘူး”ဟု ဆိုင်ဝန်ထမ်းလူငယ်က ဆိုသည်။ 
မီးလောင်မှု မဖြစ်ပွားခင် အခန်းများထဲ၌ လူအများစုရှိနေပြီး အခန်းများတွင် သော့များ တပ်ဆင်ထားခြင်း မရှိကြောင်း၊ အပြင်ဘက်မှ အော်ဟစ်သံများ ဆူညံနေသော်လည်း အခန်းတွင်းမှ သီချင်းသံများကြောင့် ကြားသိနိုင်ရန် ခဲယဉ်းလှကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မီးလောင်မှုဖြစ်ပွားသည့် ရွှေမြတ် မင်းသမီး အအေးခန်း စားသောက်ဆိုင်ပိုင်ရှင်မှာ ဦးရဲညွန့် (အသက် ၅၂ နှစ်) ဖြစ်ပြီး ယင်းဖြစ်စဉ်ကို မကွေးမြို့နယ် မြို့မရဲစခန်း က (ပ)၁၉၁/ ၂၀၁၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိနေသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် လူသေဆုံးမှု များခဲ့ရခြင်းမှာ အခန်းများအတွင်း၌ သီချင်းဆိုသံများနှင့် အခန်းတွင်း အဲယားကွန်း စနစ်ကြောင့် ပြင်ပအော်ဟစ် သံများနှင့် ပြင်ပမှ မီးအပူဒဏ်ကို အချိန်မီ မသိရှိသည့်အတွက် ပိတ်မိနေခြင်းဖြစ်နိုင်ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး တင်ထွန်းက သုံးသပ်ပြောဆိုသည်။

ပေါ်ဦး


  • VIA