News

POST TYPE

POPULAR POST

၁၀ ဘီးနှင့် ၁၂ ဘီး ယာဉ်များကို ဖျက်သိမ်းမည်

ရန်ကုန်၊ ဧပြီ ၂

ကုန်သေတ္တာ (ကွန်တိန်နာ)များ တင်ဆောင်သော ၁၀ ဘီးနှင့် ၁၂ ဘီး ယာဉ်ကြီးများသည် အာဆီယံ စံနှုန်းများနှင့် မကိုက်ညီသောကြောင့် ယခုနှစ်အတွင်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

“မြန်မာပြည်မှာက ရှေ့ခေါင်းနဲ့ နောက်နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ ကုန်သေတ္တာတင် ၁၀ ဘီးယာဉ်၊ ၁၂ ဘီး ယာဉ်တွေကို တဖြည်းဖြည်း ရပ်ဆိုင်းသွားရမယ်။ ပြီးတော့ ပေ ၂၀ ရှိတဲ့ အတွဲယာဉ်တွေကို တင်သွင်းရမယ်”ဟု ၎င်းက ပြောဆိုသည်။

ယခင်က ၁၀ ဘီးယာဉ်နှင့် ၁၂ ဘီး ယာဉ်အစီးရေမှာ ၂၄၀ဝ ကျော် ရှိခဲ့သော်လည်း လက်ရှိတွင် အစီးရေ ၈၀ဝ သာ ရှိကြောင်း၊ အဆိုပါအစီးရေ ၈၀ဝ ကို ဖျက်သိမ်းပြီး အခြား အတွဲယာဉ်များကို အရစ်ကျစနစ်ဖြင့် ငွေပေးချေဝယ်ရန် ဘဏ်များနှင့် ချိတ်ဆက်သော်လည်း ငွေသွင်းကာလကို ၂ နှစ်သာ ပေးသဖြင့် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်းဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။

“ဒါတွေက အရင်အစိုးရလက်ထက်တည်းက လုပ်ဖို့ပြောခဲ့တာ။ ဒါပေမဲ့ ချက်ချင်းကြီး လုပ်ဖို့ဆိုရင် လုပ်ငန်းရှင်တွေအတွက် အခက်အခဲ ရှိတယ်။ ဘဏ်တွေက အရစ်ကျ ငွေသွင်းတာကို ငါးနှစ်လောက်ပေးမှ အဆင်ပြေမှာ။ ဒါတွေလည်း ထပ်ညှိရဦးမယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကုန်တင်ယာဉ်များကို အရစ်ကျ ဝယ်နိုင်ရန်အပြင် အသေးစား အလတ်စားလုပ်ငန်း ချေးငွေ ရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းနေကြောင်း၊ ပေ ၂၀ ရှိသော အတွဲယာဉ်များကို ဝယ်ယူရာတွင်လည်း သုံးပြီးသား ယာဉ်တစ်စီးကို ကျပ်သိန်း ၅၀ဝ နှင့် ဝယ်ရမည်ဖြစ်ပြီး အသစ်ကိုဝယ်ပါက ကျပ်သိန်းတစ်ထောင်ကျော် ပေးရမည်ဖြစ်ကြောင်း ကုန်သေတ္တာ ယာဉ်လုပ်ငန်းရှင် ဦးတင်ထွဋ်က ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများတွင် ကုန်သေတ္တာယာဉ် အစီးရေမှာ နှစ်စဉ်တိုးလျက်ရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်း ယခုနှစ်အတွင်း ကုန်သေတ္တာယာဉ် အစီးရေ တစ်သန်းကျော် ရှိလာမည်ဟု မျှော်လင့်ကြောင်း ရန်ကုန် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုသည်။

J-13