POST TYPE

POPULAR POST

မန္တလေးမြို့တွင်း ကွန်တိန်နာယာဉ်များ ဖြတ်သန်းခွင့် လစဉ် လျှောက်ထားရမည်

မန္တလေး၊ မတ် ၂၆

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကွန်တိန်နာယာဉ်များ ဖြတ်သန်း သွားလာခွင့်အတွက် မြို့တော်စည်ပင် အခွန်ဌာနတွင် ဖြတ်သန်းသွားလာခွင့် လစဉ် လျှောက်ထားရမည်ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“မြို့တွင်း နယ်နိမိတ် ဖြတ်သန်း သွားလာခွင့်အတွက် အဝင်/အထွက် လက်မှတ်တွေ မဖြစ်မနေ လျှောက်ထားရပါမယ်။ လျှောက်ထားခြင်း မရှိဘဲ ဖြတ်သန်း သွားလာတာကို စစ်ဆေးတွေ့ရှိခဲ့ရင်တော့ စည်ပင်သာယာ ဥပဒေအတိုင်း အရေးယူပါမယ်။ ဖြတ်သန်းခွင့်တွေကို တစ်လချင်း လအလိုက် ခွင့်ပြုပေးပါမယ်”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တော်ရှိ စွယ်တော် ကုန်တင်ယာဉ် ရပ်နားစခန်းသို့ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ထုံးဘိုဂိတ်မှတစ်ဆင့် ကွန်တိန်နာ (Box) များ အများဆုံး ဖြတ်သန်းနေကြောင်း၊ မြို့တွင်းသို့ ဝင်ရောက်ခြင်း ဖြစ်သောကြောင့် ယာဉ် ဝင်၊ ထွက် ဖြတ်သန်းသွားလာခွင့် မဖြစ်မနေ လျှောက်ထားကြရမည်ဖြစ်ကြောင်း ဦးကျော်ဇောအောင်က ထပ်မံ ပြောကြားသည်။

ကွန်တိန်နာယာဉ် အများစုသည် ကုန်ပစ္စည်းတင်ကားများ ဖြစ်သောကြောင့် ယာဉ်မောင်းများ အနေနှင့် ဂိတ်သို့ရောက်သည်နှင့် ကုန်ပစ္စည်း တင်/ချခြင်းနှင့် ကုန်ပစ္စည်း စစ်ဆေးခြင်း စသည်တို့ကို အချိန်လု လုပ်ဆောင်နေရကြောင်း၊ နှစ်ဦးနှစ်ဖက် ပြေလည်စေရန် ဖြတ်သန်းခွင့် လျှောက်ထားခြင်းကို စွယ်တော် ကုန်တင်ယာဉ် ရပ်နားစခန်းတွင်သာ လုပ်ဆောင်ပေးသင့်ကြောင်း ကွန်တိန်နာယာဉ်များ တည်ထောင်ထားသည့်အပြင် ယာဉ်မောင်း တစ်ဦးလည်းဖြစ်သည့် ဦးထူးထူးက ပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ကွန်တိန်နာယာဉ်များသာမက စည်ပင် နယ်နိမိတ်အတွင်းရှိ ယာဉ် ဝင်၊ ထွက် ဖြတ်သန်းခွင့် တောင်းခံထားသည့် လေးဘီးတပ် ကုန်တင်ယာဉ်မှ (၁၀) ဘီးတပ်ကုန်တင်ယာဉ်အထိ ယာဉ်များကို တစ်ရက်လျှင် ကျပ် ၁၅၀ဝ၀၊ (၁၂) ဘီးတပ် ကုန်တင်ယာဉ်နှင့်အထက် ယာဉ်များကို တစ်ရက်လျှင် ကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ရက်အလိုက် ခွင့်ပြုပေးမည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနတွင် လာရောက် ပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါကော်မတီ အခွန်ဌာနက ထုတ်ပြန်ထားသည်။ 

M-03