News

POST TYPE

POPULAR POST

အဲယားကွန်း မတပ်သော YBS ယာဉ်အားလုံး ဧပြီလတွင် ယာဉ်စီးခ ကျပ် ၁၀ဝ လျှော့မည်
25-Mar-2017


ရန်ကုန်၊ မတ် ၂၅

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် အဲယားကွန်း တပ်ဆင်မောင်နှင်ခြင်း မရှိသော ယာဉ်အားလုံး ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၁၀ဝ ပြောင်းလဲ ကောက်ခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“အဲကွန်းမတပ်တဲ့ တစ်လိုင်းစီတိုင်းကို အပိုင်းသုံးပိုင်း ဒါမှမဟုတ် လေးပိုင်း ပိုင်းခိုင်းပြီးတော့ တစ်ပိုင်းကို ၁၀ဝ ပဲ ကောက်ခိုင်းမယ်”ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုသည်။

ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ခရီးစဉ် တစ်မှတ်တိုင်လျှင် ကျပ် ၁၀ဝ ပြောင်းလဲ ကောက်ခံခြင်းတွင် ဂိတ်စ၊ ဂိတ်ဆုံး စီးနင်းပါက ကျပ် ၂၀ဝ သာ ကောက်ခံရန် သတ်မှတ်ရန် အတည်ပြုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ယာဉ်လိုင်းတစ်လိုင်းက ခရီးစဉ် လေးပိုင်းပိုင်းလို့ ကျပ် ၄၀ဝ ပေးစီးရမှာမျိုး မဟုတ်ပါဘူး။ ဒါကိုလည်း ခရီးသွား ပြည်သူတွေ သိထားစေချင်တယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဲယားကွန် တပ်ဆင်မောင်းနှင်သည့် YBS ယာဉ်လိုင်းသည် ယာဉ်စီးခ ကျပ် ၂၀ဝ ဖြစ်ပြီး မြို့ထဲပတ် အညိုယာဉ် လိုင်းမှာ ပုံမှန်ယာဉ်စီးခ ကျပ် ၁၀ဝ ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

YBS တံဆိပ်တပ် ပြောင်းလဲပြေးဆွဲခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်မှစ၍ ယာဉ်လိုင်းများ အနေနှင့် ယာဉ်စီးခကျပ် ၂၀ဝ ကောက်ခံရန် သတ်မှတ်ခဲ့ပြီး ခရီးသည်အများစုသည် ပြောင်းလဲလိုက်သည့် ခရီးစဉ်လမ်းကြောင်းကြောင့် နှစ်ဆင့်၊ သုံးဆင့် စီးရခြင်း၊ တစ်မှတ်တိုင်လျှင် ကျပ် ၂၀ဝ ပေးရခြင်းကြောင့် တစ်ရက်တာ ယာဉ်စီးခနှုန်းထားများ ထက်ဝက်ခန့် ပိုမို ကုန်ကျခဲ့သည်။

အဆိုပါ ယာဉ်စီးခများ ပိုမိုကုန်ကျခြင်းကို YBS Complaint Center ကို ဖုန်းဆက်၍ သင့်တင့်သည့် ဈေးနှုန်းသတ်မှတ်ပေးရန် တောင်းဆိုမှုများရှိခဲ့ကြောင်း YBS  ယာဉ် စီးနင်းသည့် ခရီးသည်များက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင် ၈၀ ရှိပြီး တစ်ရက်ကို ယာဉ်စီးရေ ၄၀ဝ၀ ပြေးဆွဲလျက်ရှိသည်။

J-06

  • VIA