News

POST TYPE

POPULAR POST

IS အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် လေကြောင်းခရီးစဉ်များတွင် လက်ပ်တော့များ ပိတ်ပင်
23-Mar-2017

နယူးယောက်၊ မတ် ၂၂ 

လေကြောင်းခရီးစဉ်များတွင် လက်ပ်တော့များကို ပိတ်ပင်မှုသည် အမေရိကန် လေကြောင်းခရီးစဉ်များအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု အမေရိကန် မီဒီယာများက ရေးသားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ခရီးသည်တင် လေကြောင်းလိုင်းများတွင် လက်ပ်တော့များ ကိုင်ဆောင်မှုကို ပိတ်ပင်ကြောင်း အမေရိကန်နှင့် ယူကေက ကြေညာချက် ထုတ်ပြန်သည်။

IS အဖွဲ့သည် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများတွင် ပေါက်ကွဲစေသော ပစ္စည်းများကို ဝှက်၍ သယ်ဆောင်နေသည်ဟု အမေရိကန် ထောက်လှမ်းရေးသတင်းများက ဆိုသည်။

အမေရိကန် အမိမြေ လုံခြုံရေးဌာန၏ ပိတ်ပင်မှုတွင် နိုင်ငံရှစ်ခုရှိ လေဆိပ် ၁၀ ခုမှ ပျံသန်းသော လေကြောင်းလိုင်းများ အကျုံးဝင်ပြီး လက်ကိုင်ဖုန်းနှင့် ဆေးကုသမှု ကိရိယာများကို ပိတ်ပင်ခြင်း မပြုဟု သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် IS အဖွဲ့၏ ခြိမ်းခြောက်မှုကို ဆွေးနွေးရန် ၆၈ နိုင်ငံမှ ဝန်ကြီးများ၊ အကြီးတန်းအရာရှိများနှင့် နှစ်ရက်ကြာ အစည်းအဝေး ကျင်းပလျက် ရှိသည်။

အစည်းအဝေးသည် အီရတ် မိုဆူးလ်နှင့် ဆီးရီးယားရက်ကာ အစရှိသော IS အဖွဲ့၏ ခြေကုပ်နေရာများကို တိုက်ခိုက်မှုများ အရှိန်မြှင့်ရန် ရည်ရွယ်သည်ဟု နိုင်ငံခြားရေးဌာနက ပြောကြားသည်။

ထရမ့်က IS အဖွဲ့ကို ဖယ်ရှားရန် လျှို့ဝှက်အစီအစဉ် ရှိသည်ဟု ပြောကြားထားသော်လည်း ပင်တာဂွန်ကမူ အိုဘားမား၏ ဗျူဟာဖြစ်သော အမေရိကန်စစ်တပ် ပါဝင်လှုပ်ရှားမှု တိုးမြှင့်ရင်း ဒေသခံ မြေပြင်တပ်များအား ပံ့ပိုးရေး အစီအစဉ်ကို ဆုပ်ကိုင်ထားသည်။ 

မဟာမိတ်များကမူ ပဋိပက္ခအလွန် တည်ငြိမ်ရေး၊ အုပ်ချုပ်ရေးနှင့် ဝါရှင်တန်က ရေရှည်ပံ့ပိုးမှု ရှိ၊ မရှိ စသည့် ကိစ္စများကို ဆွေးနွေးကြဖွယ် ရှိသည်။

အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှ ဒီမိုကရက်တစ်အမတ် အီရစ်စွမ်းဝဲလ်က လေကြောင်းခရီးဆိုင်ရာ ခြိမ်းခြောက်မှုအသစ်များ ထွက်ပေါ်လာကြောင်းနှင့် တားဆီးရန် ချက်ချင်းလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကန် ထောက်လှမ်းရေးသည် အကြမ်းဖက် အစီအစဉ် ဆွေးနွေးမှုကို ကြားဖြတ်နားထောင်ရာမှ သတင်းအစအန ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်၏ ပိတ်ပင်မှုတွင် အကျုံးဝင်မည့် လေကြောင်းလိုင်းများမှာ ရွိုယ်ရယ် ဂျော်ဒန်၊ အီဂျစ်လေကြောင်း၊ တားကစ်ရှ် လေကြောင်း၊ ဆော်ဒီလေကြောင်းလိုင်းများ၊ ကူဝိတ်လေကြောင်းလိုင်းများ၊ ရွိုယ်ရယ် အဲမိုရို၊ ကာတာလေကြောင်း၊ အဲမရိတ်နှင့် အီသီဟက် လေကြောင်းများ ဖြစ်သည်။

ယူကေ၏ပိတ်ပင်မှုတွင် အလားတူ လေကြောင်းလိုင်းများ ပါဝင်သည့်အပြင်  ဗြိတိသျှလေကြောင်းနှင့် အီးစီးဂျက်လေကြောင်းလိုင်းများလည်း ပါဝင်သည်။ 

ထို့ပြင် တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှား၊ ဆော်ဒီနိုင်ငံ များမှ ယူကေသို့ ပျံသန်းသည့် ခရီးစဉ်အားလုံးတွင် ပိတ်ပင်မည် ဖြစ်သည်။

အမေရိကန်၏ ပိတ်ပင်မှုသည် စနေနေ့ ဂရင်းနစ်စံတော်ချိန် ၇း၀၀ နာရီတွင် စတင်သက်ရောက်မည် ဖြစ်ပြီး စီမံချက်သက်တမ်း ကုန်ဆုံးရက် ပါဝင်ခြင်း မရှိပေ။ 

သို့သော် အဲမရိတ်လေကြောင်းလိုင်းကမူ မတ်လ ၂၅ ရက်မှ အောက်တိုဘာလ ၁၄ ရက်အထိ အကျုံးဝင်သည်ဟု နားလည်ထားကြောင်း ပြောကြားသွားသည်။ 

F-04