News

POST TYPE

POPULAR POST

ဆန်တန်ချိန် တစ်သိန်းပို့ရန် စာချုပ်ချုပ်ပြီးမှ တရုတ်ဆန်စစ်ဆေးရေးအဖွဲ့ လာမည်
23-Mar-2017

ရန်ကုန်၊ မတ် ၂၂

တရုတ်နိုင်ငံက မြန်မာ့ဆန်တန်ချိန် တစ်သိန်း ဝယ်ယူရန် ကမ်းလှမ်းထားရာ ယင်းစာချုပ် ချုပ်ဆိုပြီးမှသာ တရုတ်ဗဟိုအစိုးရ၏ ဆန်အရည်အသွေး စစ်ဆေးရေးအဖွဲ့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ဆန်စပါးအသင်းချုပ်နှင့် တရုတ်အစိုးရတို့သည် ယခုနှစ် မတ်လအတွင်း စာချုပ်ချုပ်ဆိုရန် ပြင်ဆင်ခဲ့သော်လည်း အခက်အခဲအချို့ကြောင့် ဧပြီလအတွင်းမှသာ ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း ယင်းအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များထံမှ သိရသည်။

“အစကတော့ ဒီလ ၁၉၊ ၂၀ ရက် လောက် ချုပ်ဖို့လုပ်ထားတာပဲ။ ဒါပေမဲ့ မချုပ်နိုင်တော့ဘူး။ စစ်ဆေးရေးအဖွဲ့က ဒီစာချုပ်အတည်ဖြစ်မှ လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖွဲ့ရဲ့ အတည်ပြုချက်ရတဲ့ ဆန်စက်က ဆန်တွေကိုပဲ တင်ပို့ရမှာမို့လို့ပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဘဏ္ဍာရေးမှူး ဦးအောင်မြင့်က ပြောဆိုသည်။

အဆိုပါ ဆန်တန်ချိန်တစ်သိန်း တရုတ်ကို တင်ပို့ရန်အတွက် အချိန်ကာလ သတ်မှတ်ထားခြင်း မရှိဘဲ အရည်အသွေးပေါ်တွင်သာ မူတည်ကြောင်း၊ သို့သော် ၂၀၁၅ ခုနှစ်အတွင်းက တရုတ်သို့ တင်ပို့ခွင့်ရသည့် ဆန်တန်ချိန် တစ်သိန်းမှာမူ အရည်အသွေး မပြည့်မီခြင်းကြောင့် ၂ နှစ် နီးပါးအထိ ကြာမြင့်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မြန်မာ့ဆန်အရည်အသွေး နိမ့်ကျခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိုင်းနှင့် ဗီယက်နမ်တို့ကို ကျော်လွှားနိုင်ခြင်း မရှိသည့်အတွက် ဈေးကွက်မရရှိဘဲ ဖြစ်နေရကြောင်း ဆန်ကုန်သည်များက ပြောဆိုသည်။

S-04