News

POST TYPE

POPULAR POST

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု မအောင်မြင်
23-Mar-2017

ဆိုး၊ မတ် ၂၂ 

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ကြောင်းနှင့် အရေအတွက် မည်မျှပစ်လွှတ်သည်၊ မည်သို့စမ်းသပ်သည် စသော အချက်များ မသိရသေးကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဒုံးကျည်တစ်စင်း လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပျက်ကျသွားသည်ကို ထောက်လှမ်းတွေ့ရှိရသည်ဟု အမေရိကန် စစ်ဘက်ကလည်း ပြောကြားသည်။

ပြုံယမ်းသည် ယခင်လကလည်း ဒုံးကျည်လေးစင်း စမ်းသပ်ပစ်လွှတ်ခဲ့ရာ ဂျပန်ရေပြင်သို့ ကျရောက်ခဲ့သည်။

ယခု နောက်ဆုံးပစ်လွှတ်မှုမှာမူ အရှေ့ဘက်ကမ်းခြေ ဝန်ဆန်မြို့မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်ခြင်းဖြစ်ပုံ ရသည်။

ပြုံယမ်းအနေနှင့် ဆိုးလ်နှင့် ဝါရှင်တန်ကို မီးလောက်တိုက်သွင်းမည်ဟု မခြိမ်းခြောက်မီများစွာ လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ယခုနောက်ဆုံး ဒုံးကျည်ပျက်ကျမှုက ညွှန်ပြနေသည်။

မကြာသေးမီက စမ်းသပ်သည့် ဒုံးကျည်လေးစင်းမှာလည်း ငါးစင်းဖြစ်ဖွယ်ရှိပြီး တစ်စင်းပျက်ကျသွားပုံ ရသည်ဟု ကျွမ်းကျင်သူအချို့က ယုံကြည်ကြသည်။

ထို့ပြင် တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုတွင် မရှိမဖြစ် လိုအပ်သော အပူဒဏ်ခံနိုင်သော ပစ္စည်းကို မြောက်ကိုရီးယားတို့ လုပ်ကိုင်နိုင်ခြင်း မရှိသေးဟု ယူဆရသည်။

ပြုံယမ်းသည် ပြီးခဲ့သော အပတ်ကလည်း ဒုံးကျည်အင်ဂျင်စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ရာ ခေါင်းဆောင်လေး ကင်ဂျုံအန်းက မြောက်ကိုရီးယား ဒုံးကျည်နည်းပညာတွင် ထူးကဲသော တိုးတက်ပြောင်းလဲမှုဟု ညွှန်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  ရက်စ်တေလာဆန်၏ အရှေ့အာရှခရီးစဉ် လှည့်လည်နေစဉ် ပြုံယမ်း၏ ဒုံးကျည်စမ်းသပ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်တပ်များနှင့် တောင်ကိုရီးယားကို မြောက်ကိုရီးယားက ဆက်လက်ခြိမ်းခြောက်နေပါက စစ်ရေးနည်းလမ်းဖြင့် တုံ့ပြန်ရန် စဉ်စားနိုင်သည်ဟု ရက်စ်တေလာဆန်က ပြောကြားထားသည်။ 

F-04