News

POST TYPE

POPULAR POST

အခေါက်ရွှေဈေး ကျပ်ကိုးသိန်းကျော်သို့ရောက်
23-Mar-2017

ရန်ကုန်၊ မတ် ၂၂

တစ်ရက်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၀ ဒေါ်လာအထိ မြင့်တက်သွားခြင်းကြောင့် ပြည်တွင်း ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းသုံးထောင်သို့ ရောက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် အမေရိကန် ဒေါ်လာဈေး ကျဆင်းခြင်းကြောင့် မြင့် တက်လာခြင်းဖြစ်ပြီး ပြည်တွင်း ရွှေဈေးသည်လည်း တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၅၀ဝ၀ အထိ မြင့်တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“ကမ္ဘာ့ရွှေဈေး ရုတ်တရက် မြင့်တက်လာတာကြောင့် ပြည်တွင်းမှာလည်း လိုက်မြင့်လာတာပါ။ အခု ရက်ပိုင်းတော့ အမြင့်ပိုင်းမှာပဲ ဆက်ရှိနေဦးမယ်။ ကိုးသိန်းအောက် မကျနိုင်လောက်သေးဘူး”ဟု ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုသည်။

ယခုနှစ်အတွင်း ရွှေဈေးသည် ဒုတိယ အကြိမ်မြောက် ကျပ်ကိုးသိန်းကို ကျော်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကလည်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၅၇ သို့ ရောက်ရှိချိန်က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သာလျှင် ကျပ် ၉၀၂,ဝ၀ဝ အထိ ရောက်ရှိခဲ့ဖူးသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အမေရိကန်သမ္မတ အပြောင်းအလဲ၌ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ကျပ်ကိုးသိန်းနီးပါးအထိ ရောက်ရှိခဲ့ဖူးကြောင်း၊ ယင်းအချိန်က ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၃၀ ရှိချိန်၌ ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၈၉၁,ဝ၀ဝ ကျပ်သာ ရှိခဲ့ရာမှ ယခုအခါ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၂၄၅ ဒေါ်လာ ဈေးနှုန်းတွင် ပြည်တွင်း ရွှေဈေးမှာ စံချိန်တင် ဈေးနှုန်း ဖြစ်သည့် ကျပ် ၉၀၃,ဝ၀ဝ အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ပြည်တွင်း ရွှေဈေး မြင့်တက်သည်ဟု ဆိုသော်လည်း ကမ္ဘာ့ရွှေဈေးမှာမူ လွန်ခဲ့သည့်တစ်လ (ဖေဖော်ဝါရီလခန့်က) တစ်အောင်စလျှင် ၁၂ ဒေါ်လာခန့်နှင့် လွန်ခဲ့သည့်လေးလ (နိုဝင်ဘာလ)ကထက် တစ်အောင်စလျှင် ၈၅ ဒေါ်လာအထိ လျော့ကျသွားသည်။

“ရွှေဈေးက အရင်တည်းက အကျဘက်ကို မရောက်ဘူး။ ရှစ်သိန်းကိုးသောင်းနဲ့ ကိုးသိန်းကြားမှာပဲ ရှိနေတာပါ။ အဲဒါကြောင့် အရင်တုန်းက ကမ္ဘာ့ရွှေဈေးတက်တဲ့နှုန်းနဲ့ အခုနှုန်းနဲ့က မဆိုင်ပါဘူး”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောဆိုသည်။ 
ထို့ပြင် လာမည့်ဧပြီလ ၁ ရက်နေ့မှစ၍ ရွှေထည် လက်ဝတ်ရတနာ ပစ္စည်းများ ဝယ်ယူသူသည် အခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရမည်ဆိုခြင်းကြောင့် ရွှေ အထည် ဝယ်ယူမည့်သူများအတွက် ထိခိုက်နစ်နာမှု မရှိနိုင်သော်လည်း အခေါက်ရွှေပြား၊ ရွှေတုံးနှင့် ပလက်တီနမ်တို့ကို အခွန် ငါးရာခိုင်နှုန်း ဆောင်ရမည်ဖြစ်ခြင်းကြောင့် ရွှေတုံး ဝယ်ယူစုဆောင်းသူများ ဈေးကွက်အတွင်း လုံးဝ ပပျောက်ကွယ်သွားနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

မတ်လ ၁၆ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၂၅၊ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၈၈၈,ဝ၀ဝ ကျပ်မှ မတ်လ ၂၂ ရက်နေ့ အဖွင့်ဈေးမှာ ကမ္ဘာ့ဈေးတစ်အောင်စ လျှင် ၁၂၄၈ ဒေါ်လာ၊ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၀၃,ဝ၀ဝ ကျပ်အထိ မြင့် တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ 

J-05

  • VIA