News

POST TYPE

POPULAR POST

ဗဟိုအမျိုးသမီးဆေးရုံရှေ့မှ စိန်ပန်းပင် အငှားယာဉ်ပေါ် ပြိုလဲ
22-Mar-2017


ရန်ကုန်၊ မတ် ၂၂

အလုံမြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံကြီးရှေ့ ဗဟိုလမ်းနှင့် နှင်းဆီးကုန်း လမ်းထောင့်တွင် ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၁၁ နာရီခွဲက သက်တမ်းရင့် စိန်ပန်းပင်တစ်ပင် ပြိုလဲကျရာမှ လမ်းဘေးရပ်ထားသည့် အငှားယာဉ် တစ်စီးပေါ် ပိမိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီး ရှိနေသော ယင်းသက်တမ်းရင့် စိန်ပန်းပင် ပြိုလဲကျရာမှ ဗဟိုလမ်းဘေးတွင် ရပ်ထားသော ကယ်ဒီးနား အမျိုးအစား အပြာရောင် အငှားယာဉ်ပေါ် ပိမိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ဒီသစ်ပင်ကြီးရဲ့ ဘေးကပ်လျက်မှာ အဆောက်အအုံ ဆောက်လုပ်ဖို့အတွက် မြေတူးပြီး ပိုင်ရိုက်နေတာ၊ ညဘက် ပိုင်ရိုက်နေတဲ့အချိန်ဆို ကျွန်တော်တို့ ဆိုင်ကရှိတဲ့ ခုံတွေ ဆိုင်းဘုတ်တွေပါ လှုပ်လှုပ်သွားတာ၊ မြေတုန်အား အရှိန်ကြောင့် စိန်ပန်းပင်ကြီး ပြိုလဲကျသွားတာ ဖြစ်မယ်”ဟု ယင်းအနီးရှိ လမ်းဘေးဈေးဆိုင်မှ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ သစ်ပင်ပြိုလဲမှုကြောင့် ဗဟိုလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆိုမှု နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။

S-03

  • VIA