News

POST TYPE

POPULAR POST

ကလေးအထူးကုသမားတော်ကြီး၊ ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်နှင့် တွေ့ဆုံခြင်း
22-Mar-2017

ရေကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်ပြီး ယင်းသည် ရာသီမရွေး ဖြစ်ပွားတတ်ကာ ကိုယ်ဝန်ဆောင် မိခင်များ၊ အထူးသဖြင့် မွေးဖွားခါနီး သန္ဓေသားရင့်နေသည့် ကိုယ်ဝန်ဆောင်များ သတိထားသင့်ကြောင်းကို ရန်ကုန်ကလေးဆေးရုံကြီး၊ ဆေးကုသဆောင် - ၁ မှ ကလေးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ရေကျောက်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး ဆရာ။
Dr. YMK : ရေကျောက်ရောဂါက အမြဲတမ်း ရှိနေတဲ့ ကူးစက်ရောဂါတစ်ခုပေါ့။ Chicken Pox လို့ခေါ်တယ်။ Chicken Pox ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရှိတယ်။ သူကဝင်ပြီးလို့ရှိရင် တခြား ဗိုင်းရပ်စ်ဝင်သလိုပဲ နှာစေး၊ ချောင်းဆိုးတာနဲ့ ငွေ့ငွေ့ဖျားတာရှိတယ်။ မတူတာကတော့ အစက်တွေ ထွက်တယ်။ အစက်ထွက်လာရင် အခြား ဗိုင်းရပ်စ်တွေက ရိုးရိုးအနီစက်၊ အနီဖုလေးတွေ ထွက်တယ်။ သူကတော့ ပထမ အနီစက်၊ အနီဖုကလေးတွေ ထွက်တယ်။ နောက်ပိုင်းကျတော့ အရည်ကြည်ဖုလေးတွေ ပေါက်လာတယ်။ အဲဒီ အရည်ကြည်ဖုလေးတွေက တဖြည်းဖြည်း နောက်လာတယ်။ နောက်လာပြီးတော့ ပေါက်ပြဲပြီး ပြည်လို အရည်တွေ ထွက်လာတယ်။ ပြီးရင် အနာဖေးပြန်တက်လာပြီး တစ်ကိုယ်လုံး ထွက်သမျှ အစက်တွေ အကုန်လုံးက မည်းမည်းအဖတ်တွေ ဖြစ်သွားပြီး ခြောက်တယ်။

Voice : ရေကျောက်ရဲ့ ထူးခြားချက်တွေကို ပြောပြပေးပါဦးဆရာ။
Dr. YMK : ထူးခြားတာက ကိုယ်အလယ်ပိုင်းက စပြီးဖြစ်တယ်။ မျက်နှာတို့၊ လက်တို့မှာ သိပ်ထွက်လေ့ မရှိဘူး။ များသောအားဖြင့် ရင်ဘတ်၊ ဗိုက်နဲ့ ကျောတို့က စဖြစ်တယ်။ ဖျားတာကတော့ သုံးရက်လောက်ပါပဲ။ တစ်လုံးပြီးမှတစ်လုံး ထပ်ထွက်လာတတ်တော့ တစ်ပြိုင် နက်တည်းမှာကြည့်ရင် အနီဖုစထွက်ခါစ အနေအထားလည်း တွေ့တယ်။ အရည်ကြည်ဖု အနေအထားလည်း တွေ့ပြီး ပြည်ရှိတဲ့ အနေအထားလည်း တွေ့တယ်။ အဲလို အဆင့်ပေါင်းစုံ တစ်ပြိုင်နက်တည်းမှာ တွေ့တတ်တဲ့ ပုံစံမျိုးရှိတယ်။ အားလုံး အမည်းဖတ်တွေ ဖြစ်သွားဖို့အထိတော့ တစ်ပတ်လောက် ကြာတာပေါ့။ အဲဒီတစ်ပတ်လောက် အတွင်းမှာ အဲဒီအရေပြားပေါ်က အစက်နဲ့ထိတွေ့ရင် ကူးစက်တတ်တယ်။ ဒါမှမဟုတ် အဲဒီ အရေပြားပေါ်က အစက်နဲ့ထိတွေ့ထားတဲ့ အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းတို့နဲ့ ထပ်ပြီး ထိတွေ့ရင်လည်း ကူးစက်တတ်တယ်။ အမည်းဖတ်လေးတွေ ကွာသွားရင် အနာရွတ်လေးတွေ ကျန်နေခဲ့တယ်။ အဲဒီအမာရွတ်တွေက များသောအားဖြင့် ရက်သတ္တပတ် အနည်းငယ်ပဲ ကျန်ခဲ့ပြီးတော့ နောက်ပိုင်းမှာ လူကောင်းပကတိ ပြန်ဖြစ်သွားတယ်။ လူတွေ ကြောက်တာက ရေကျောက်ကပေးတဲ့ အနာရွတ် တစ်သက်လုံးဖြစ်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်မှာကို ကြောက်ကြတယ်။ အဲဒါမျိုးကတော့ ဖြစ်လေ့ မရှိဘူး။ အပေါ်ယံ အလွှာမှာပဲ ဖြစ်တဲ့အတွက် အမာရွတ်က တစ်သက်လုံးအတွက် ထင်ကျန်လေ့ မရှိဘူး။ နောက်တစ်ခုက ရေကျောက် ပေါက်ပြီးတော့ အဖျားပြင်းထန်နေတဲ့အချိန်မှာ ကလေး အသက်အန္တရာယ်ဖြစ်မှာ စိုးတယ်။ အဲဒါမျိုးကလည်း ရေကျောက်မှာ မရှိသလောက် တော်တော်ရှားရှားပဲ။ အချို့ကလည်း ဦးနှောက်ထဲ ရောက်မှာ စိုးတယ်။ ရေကျောက်ပိုးက ဦးနှာက်ထဲ ရောက်တတ်လားဆိုတော့ ရောက်တဲ့ကလေးတွေ ရှိတယ်။ ရောက်ရင်လည်း မပြင်းထန်ဘူး။ ခေါင်းကိုက်တာ၊ မူးတာ၊ လမ်းလျှောက်ရင် ဒယီးဒယိုင် ရက်ပိုင်းလောက်ဖြစ်ပြီးတော့ ပျောက်သွားတာရှိတယ်။ ရှင်းရှင်းပြောရရင် ရေကျောက်က ကုလည်း ပျောက်တယ်၊ မကုလည်းပျောက်တယ်။ အရမ်းကြောက်စရာ ကောင်းတဲ့ ရောဂါထဲမှာတော့ မပါဘူး။

Voice : ရေကျောက်ဖြစ်ပွားတဲ့ သူတွေထဲကမှ ဘယ်လိုလူတွေက ပိုပြီး သတိထားသင့်ပါသလဲဆရာ။
Dr. YMK : ဆရာတို့ ဘယ်အချိန်မှာ ကြောက်တာလဲ ဆိုတော့ အဲဒီ ရေကျောက်ဖြစ်နေတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေက အထူးသဖြင့် မွေးဖွားခါနီး သန္ဓေသား ရင့်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင် မိခင်တွေက ကူးစက်လိုက်ရင် အဲဒီ မိခင်မွေးလာတဲ့ကလေးက မွေးကင်းစ ရေကျောက်ဖြစ်တယ်။ မွေးကင်းစရေကျောက်က ပြင်းထန်တယ်။ သူက အနာရွတ်တွေ ထင်ကျန်ခဲ့တတ်တယ်။ အဲဒီအနာရွတ်တွေက ခြေတွေ လက်တွေ လှုပ်ရှားတဲ့အခါမှာ အနှောင့်အယှက်ဖြစ်လောက်အောင် ဆိုးဆိုးရွားရွား ဖြစ်တတ်တယ်။ ဒါကြောင့် ဆရာတို့က ကြောက်တယ်။

Voice : ရေကျောက် မဖြစ်အောင် ဘယ်လိုမျိုး ပြုမူနေထိုင်သင့်ပါသလဲ။
Dr. YMK : ရေကျောက် မဖြစ်အောင် ဖြစ်တဲ့သူနဲ့ ထိတွေ့မှုမရှိရင် မဖြစ်ဘူး။ မူအားဖြင့် ကလေးတစ်ယောက်က ဖျားနေလို့ရှိရင် ကျောင်းမလွှတ်ရဘူး။ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေပေါ့။ ကျောင်းကလည်း ငြင်းရမယ်။ အထူးသဖြင့် Private ကျောင်းတွေ။ တက်တဲ့သူကလည်း ဈေးကြီးပေးတက်ရတယ်။ ဆရာတွေရော၊ မိဘတွေဘက်ကရော စာတစ်ရက်ပျက်ရင် ဖိအားပေးကြတယ်။ ကလေးက ကောင်းကောင်း နေမကောင်းသေးဘဲနဲ့ ကျောင်းတက်ရင် ကူးစက်နိုင်တဲ့အဆင့်ရှိတယ်။ အဲဒီမှာ အတန်းသားတွေကို ကူးတာပဲ။ အမှန်က ဖျားတဲ့ကလေးကို ကျောင်းလွှတ်ရင် မိဘကို မလွှတ်ပါနဲ့လို့ ငြင်းပြီးပြန်လွှတ်ရမယ်။ အခုက ဆရာတွေအပိုင်းကိုက ကလေးတွေကို ဖိအားပေးတာတွေ တွေ့နေတယ်။ အဲဒါတွေကတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့။

Voice : ဘယ်လိုမျိုး ကြိုတင် ကာကွယ်မှုတွေနဲ့ ကာကွယ်လို့ ရနိုင်ပါသလဲ။
Dr. YMK : ကာကွယ်တဲ့နေရာမှာ ကာကွယ်ဆေး ရှိသလားဆိုရင် ကာကွယ်ဆေး ရှိတယ်။ ကာကွယ်ဆေးက ကလေးအသက် တစ်နှစ်ကျော်တာနဲ့ ထိုးလို့ရတယ်။ တစ်ကြိမ်ထိုးရုံနဲ့ တော်တော် ကာကွယ်ပါတယ်။ ဒါပေမဲ့ ပြဿနာက တစ်အချက်က နိုင်ငံတော်အစိုးရ ထိုးပေးနေတဲ့ ကာကွယ်ဆေးထဲမှာ မပါဘူး။ နှစ်အချက်က အပြင်မှာဝယ်ပြီး ထိုးလို့ရတယ်ဆိုပေမယ့် ပစ္စည်းက မကြာခဏ ပြတ်တယ်။ လောလောဆယ်လည်း ပြတ်နေတယ်။ နောက်လည်း တော်တော်နဲ့ ပြန်ရဖို့မလွယ်ဘူး။ အကြောင်းရင်းက ရေကျောက် ကာကွယ်ဆေး ထုတ်လုပ်တဲ့နိုင်ငံတွေက အများကြီး မရဘူး။ တခြား ရောဂါကာကွယ်ဆေး ထိုးပေးနေသလို ဒီနိုင်ငံမှာရှိတဲ့ ကလေးအားလုံးကို တစ်ယောက်မကျန် ထိုးပေးတဲ့ ကာကွယ်ဆေးထိုး စီမံချက်တွေ ပေးနေရတော့ ဒါတွေနဲ့တင်မလောက်တော့ ဆရာတို့နိုင်ငံလို တတ်နိုင်တဲ့သူက ဝယ်ထိုးတဲ့နေရာကို ရောင်းဖို့ မလုံလောက်တဲ့အခါ ကျတော့ ရေကျောက် ကာကွယ်ဆေး ဝယ်လို့ရဖို့က အခက်အခဲက ဆက်ရှိနေဦးမယ်။ အဲဒီတော့ ကိုယ့်ဘက်က သတိထားလို့ရတာတော့ ရေကျောက်ပေါက်နေတဲ့ ကလေးနဲ့ ကိုယ့်ကလေး အထိအတွေ့ မရှိစေဖို့၊ ကလေးထက် အရေးကြီးတာကတော့ ကိုယ်ဝန်ဆောင်မိခင်တွေပေါ့။ ကိုယ်ဝန်ဆောင် မိခင်တွေက ရေကျောက်ပေါက်တဲ့ကလေးနဲ့ အထိအတွေ့ မရှိစေဖို့ပဲ။ ရေကျောက်က ကြည့်ရင်လည်း လွယ်ပါတယ်။ ရေကျောက်ပေါက်တယ်ဆို အသိသာကြီးပါ။

Voice : ရေကျောက်ပေါက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘာတွေ ဖြစ်လာနိုင်ပါသေးသလဲ။
Dr. YMK : ရေကျောက်ဗိုင်းရပ်စ်ကပဲ ရေကျောက် မဟုတ်ဘဲ နောက်ထပ် အသွင်ရောဂါ တစ်မျိုးလည်း ရှိတတ်တယ်။ အဲဒါကတော့ Shingle လို့ခေါ်တယ်။ မြန်မာတွေကတော့ ရေယုန်ခါးပတ်လို့ ဘာသာပြန်ထားတယ်။ ရေကျောက်ပေါက်ထားဖူးတဲ့ ကလေးတစ်ယောက်က တစ်သက်လုံး ရေကျောက် ပြန်မပေါက်တတ်ဘူး။ ဒါပေမဲ့ နှစ်ပေါင်း များစွာကြာလို့ လူကြီးဖြစ်လာတဲ့အခါမှာ အကြောင်း အမျိုးမျိုးကြောင့် သူ့ကိုယ်ခံအား ကျသွားတဲ့အချိန်မှာ ခါးပတ် ပတ်လည်မှာ ရေယုန်အဖုလေးတွေ ပေါက်လာတတ်တယ်။ အဲဒါကို ရေယုန်ခါးပတ်လို့ ခေါ်တာပေါ့။ သူလည်း ဆေးပေးစရာ မလိုပါဘူး။ သူ့ဘာသာချပ်ပြီး ပြန်ပျောက်သွားတယ်။ ရေကျောက်က ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာကတော့ အဲဒါလောက်ပဲ ရှိပါတယ်။

Voice : ဘယ်လိုမျိုး ကုသမှုတွေကို ခံယူသင့်ပါသလဲ။
Dr. YMK : ကုသမှုကတော့ ခံစားရတာကိုပဲ လိုက်ကုတာပေါ့။ သဘောကတော့ သူ့ပိုးကို တိုက်ရိုက်သတ်တဲ့ ကုသမှု မလိုဘူး။ ဒီဗိုင်းရပ်စ်ပိုးကို သေအောင် သတ်နိုင်တဲ့ဆေး ရှိတယ်။ ဒါပေမဲ့ အဲဒီဆေး ပေးတာနဲ့၊ မပေးတာနဲ့ ကလေးရဲ့ခံစားရမှုက မကွာခြားဘူး။ ဆရာတို့က Symptomatic Treatment ဆိုတာ ဖျားရင် နာရင် ပါရာစီတမော တိုက်တယ်။ ယားရင် အယားပျောက် ဆေးတိုက်တယ်။ ဒီလောက်ပါပဲ။ သူက ရက်ကလေး စေ့အောင် စောင့်ရတဲ့သဘောပဲ ရှိတယ်။ အစာစားလို့ ရတယ်။ မစားဘဲနေစရာ အကြောင်း မရှိဘူး။ ရေချိုးလို့ရလား မေးကြတယ်။ အဲဒါလည်း ရတယ်။ ဒီအဖုလေးတွေကို တတ်နိုင်သလောက် တခြားပိုး မဝင်စေချင်ဘူး။ သူကပေါက်ပြဲသွားရင် သူ့ကို တခြားပိုး ဝင်လာတတ်တော့ အဲဒီအခါကျရင် ပိုးကြောင့် အနာက ရင်းသွားမယ်၊ အကြီးကြီး ဖြစ်သွားမယ် ဆိုရင်တော့ အနာရွတ် ထင်တတ်တယ်။ ဒီအဖုလေးတွေကို ယုယုယယ ထားဖို့က အဓိကပေါ့။ ရေချိုးတော့ ဘာမှမဖြစ်ဘူး။ ရေသုတ်တဲ့အခါ ခပ်ကြမ်းကြမ်း သုတ်လိုက်ရင် ပေါက်ပြဲပြီး တခြားပိုး ဝင်လာနိုင်တယ်။ အဲဒါ သတိထားဖို့ လိုတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA