News

POST TYPE

POPULAR POST

ရုရှားနှင့် ဆီးရီးယားအစိုးရ ဂျက်တိုက်လေယာဉ်များ တိုက်ခိုက်၊ ဆီးရီးယား အရပ်သား ၄၅ ဦးကျော် သေဆုံး
01-Jul-2016 tagged as

ဒမတ်စကတ်၊ ဇွန် ၂၆

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒေသရှိ ကူရာမြို့တွင် စနေနေ့က ရုရှားနှင့် ဆီးရီးယား အစိုးရ ဂျက်တိုက်လေယာဉ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အပါအဝင် လူပေါင်း ၄၅ ဦးခန့် သေဆုံးသွားသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ ဒီယာအယ်လ်ဇိုအာ ပြည်နယ်၊ ကူရာမြို့နှင့် အီရတ် နယ်စပ်ဒေသရှိ IS စစ်သွေးကြွ အုပ်စုများ ထိန်းချုပ်ထားရာ ဒေသကို စနေနေ့က ရုရှားနှင့် ဆီးရီးယားအစိုးရ စစ်လေယာဉ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းပစ်ကူ ရယူထားသော ကာ့ဒ်နှင့် အာရပ်တပ်ဖွဲ့ဝင်များ ပါဝင်သော ဆီးရီးယား ဒီမိုကရက်တစ် အင်အားစုတပ်ဖွဲ့ (SDF) သည်လည်း IS အုပ်စု၏ အမာခံနယ်မြေ ဖြစ်သည့် မန်ဘစ်ခ်ျတွင် IS တို့နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ယင်းအဖွဲ့က ပြောကြားသည်။

မန်ဘစ်ခ်ျဒေသသည် IS စစ်သွေးကြွများအတွက် ထောက်ပို့ပစ္စည်းများ ပေးပို့ရာတွင် အရေးပါသည့် နေရာတစ်ခုဖြစ်ရာ ၎င်းတို့က အစွမ်းကုန် ခုခံတိုက်ခိုက်နေရသည်။

SDP သည် ဆီးရီးယား တောင်ပိုင်းစွန်းစွန်း ဒေသများရှိ IS ပစ်မှတ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိသည်။

အခြားစစ်ဘက်သတင်းများအရ ကာ့ဒ်လူမျိုးရာပေါင်း များစွာသည် ဆီးရီးယားမြောက်ပိုင်း ဒေသတွင် ဖြစ်ပွားသော ပစ်ခတ်မှုများအကြား ပိတ်မိလျက်ရှိပြီး အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

လူ့အခွင့်အရေး အုပ်စုများ၏ အဆိုအရ IS စစ်သွေးကြွအုပ်စုသည် လွန်ခဲ့သည့် သုံးပတ်တာကာလ အတွင်း အလက်ပို ပြည်နယ်ရှိ ကာ့ဒ်အရပ်သား ၉၀၀ ကျော်ခန့်ကို ပြန်ပေးဆွဲခဲ့သည်။

ရုရှား ဂျက်တိုက်လေယာဉ်များမှာမူ ဆီးရီးယား သမ္မတ ဘာရှားအာဆတ် အစိုးရကို ပံ့ပိုးပေးနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှစ၍ လေကြောင်းထိုးစစ်ကြီးများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်သော ကိန်းဂဏန်းများအရ ၂၀၁၁ ခုနှစ် မတ်လမှ စတင်ခဲ့သော ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂၈၀၀၀၀ ကျော်ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

  • TAGS