News

POST TYPE

POPULAR POST

စကော့တလန်၏ အီးယူသို့ ဝင်ရောက်ရန် ဆွေးနွေးမှုကို စပိန်နှင့် အီတလီ ဆန့်ကျင်
01-Jul-2016 tagged as

ဘရပ်ဆဲလ်၊ ဇွန် ၂၉

စကော့တလန်၏ ဥရောပသမဂ္ဂ (အီးယူ) သို့ ဝင်ရောက်ရန် ဆွေးနွေးမှုများကို ဆန့်ကျင်ကြောင်း စပိန်သမ္မတနှင့် အီတလီ ဝန်ကြီးချုပ်တို့က ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက “လူတိုင်း ဒီကိစ္စကို ဆန့်ကျင်မယ်လို့ ထင်ပါတယ်” ဟု သုံးသပ်ခဲ့ပြီး “ယူကေ (ဗြိတိန်) ထွက်ရင် စကော့တလန်လည်း ထွက်တာပဲလေ” ဟု မှတ်ချက်ပေးခဲ့သည်။

ပြင်သစ်သမ္မတ ဖရန်စစ္စဟော်လန်ကလည်း အီးယူသည် စကော့တလန်နှင့် သဘောတူညီချက် ရရှိရန် ကြိုးပမ်းမည် မဟုတ်ဟု ပြောကြားခဲ့သည်။

စကော့တလန် ဝန်ကြီးချုပ် နီကိုလာစတာဂျင်က ရာဂျွိုင်း၏ မှတ်ချက်မှာ အံ့အားသင့်စရာ မဟုတ်ဟု တုံ့ပြန်ခဲ့သည်။

Brexit (ဗြိတိန်ခွဲရေး) နိုင်သွားပြီးနောက် စတာဂျင်သည် ဥရောပရှိ စကော့တလန်၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့ပြီး ဘရပ်ဆဲလ်သို့ လာရောက်ကာ အီးယူ တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိသည်။

စာနာသည့် တုံ့ပြန်မှုမျိုး ရရှိသော်လည်း စိန်ခေါ်မှုများကို လျှော့တွက်မထားကြောင်း စတာဂျင်က ပြောကြားခဲ့သည်။

ဗြိတိန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခွဲရေးက နိုင်သွားခဲ့သော်လည်း စကော့တလန်ပြည်တွင် တွဲရေးဘက်က မဲများခဲ့ပြီးနောက် စတာဂျင်က ဗြိတိန်မှ ခွဲထွက်ပြီး လွတ်လပ်ရေး ရယူနိုင်ရေး စကော့တလန်တွင် ဒုတိယအကြိမ် လွတ်လပ်ရေး ဆန္ဒ ခံယူပွဲ လုပ်နိုင်ခြေ ရှိသည်ဟု ပြောကြားထားသည်။

အဓိကမှာ ဥရောပ၏ တစ်ခုတည်းသော ဘုံဈေးကွက်ကို စကော့တလန်ပြည် အနေနှင့် ဆက်လက်ထိတွေ့ခွင့်ရရေး တစ်နည်းနည်းဖြင့် သဘောတူညီနိုင်ရန် ဖြစ်သည်။

ဗြိတိန်က နှစ်နှစ်ခန့် ကြာနိုင်သည့် ခွဲရေးလုပ်ငန်းစဉ် ဆောင်ရွက်မှု မပြီးစီးမီ စကော့တလန်က အီးယူအဖွဲ့ဝင်အဖြစ် ဆက်ရှိရေးမှာ အီးယူအဖွဲ့ဝင် အားလုံး၏ တစ်ခဲနက် ထောက်ခံမှု လိုအပ်သည်။

သို့သော်လည်း စပိန် ယာယီဝန်ကြီးချုပ် ရာဂျွိုင်းက စကော့တလန်တွင် အီးယူနှင့် ဆွေးနွေးနိုင်စွမ်း မရှိကြောင်း ရှင်းရှင်းလင်းလင်း သိစေလိုသည်ဟု အီးယူခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားထားသည်။

စကော့တလန်သည် ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန်ဘုရင့် ပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်တစ်ခုသာဖြစ်ရာ နိုင်ငံတစ်နိုင်ငံကဲ့သို့ ဥရောပသမဂ္ဂသို့ ဝင်ရန် ဆွေးနွေးခွင့် မရှိခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

စပိန်သည် ၂၀၁၄ ခုနှစ်က စကော့တလန်တွင် လွတ်လပ်ရေး ဆန္ဒခံယူပွဲ ပထမအကြိမ် ကျင်းပစဉ်ကတည်းက ဆန့်ကျင်ခဲ့သူ ဖြစ်သည်။

ထိုစဉ်က တွဲရေးက နိုင်သွားသောကြောင့် စကော့တလန်သည် ဗြိတိန်၏ ပြည်နယ်တစ်ခုအဖြစ် ဆက်ရှိနေခဲ့သည်။

စပိန်နိုင်ငံ အတွင်းတွင်လည်း စီးပွားရေး ပြေလည်သည့် ကက်တလန်ဒေသ (ဘာစီလိုနာ ဘောလုံးအသင်း အခြေစိုက် ရာဒေသ) သည် ခွဲထွက်ပြီး လွတ်လပ်ရေးယူရန် ကြိုးပမ်းနေရာ စကော့တလန်က ရှေ့ဆောင်လမ်းပြ ဖြစ်သွားမည် စိုးသောကြောင့် စပိန်ဘက်မှ ကန့်ကွက်နေခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ ဥရောပ၏ တစ်ခုတည်းသော ဘုံဈေးကွက်တွင် စကော့တလန် ဆက်ရှိနေစေရေး အကောင်းဆုံးနည်းလမ်းမှာ အီးယူနှင့် ဗြိတိန် တစ်နိုင်ငံလုံးအကြား အနီးကပ်ဆုံး ဖြစ်နိုင်သည့် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန်သာ ဖြစ်ကြောင်း ပြောကြားထားသည်။

ကင်မရွန်းသည် တွဲရေးဘက်မှ မဲဆွယ်ခဲ့သူဖြစ်ပြီး ခွဲရေး နိုင်သွားသော်လည်း ဗြိတိန်ခေါင်းဆောင်များက နိုင်ငံ၏ စီးပွားရေး မထိခိုက်စေရန် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ဥရောပဘုံဈေးကွက်ကို ဆက်လက်ထိတွေ့ ပါဝင်ခွင့်ရရေး လိုလားနေကြသည်။

ဥရောပ ခေါင်းဆောင်များကမူ တာဝန်ယူမှုနှင့် ပေးဆပ်မှု မရှိဘဲ အခွင့်အရေး ဆက်မရနိုင်ဆိုသည့် သဘောတရားကို ထုတ်ဖော်ထားကြပြီး ဗြိတိန်ကို သတိပေးထားကြသည်။


  • TAGS