POST TYPE

POPULAR POST

အမျိုးသားကဇာတ်ရုံရှေ့တွင် ဓားပြခြိမ်းခြောက် လုယက်သည့်အဖွဲ့မှ သုံးဦးကို ဖမ်းမိ
ရန်ကုန်၊ မတ် ၉

ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အမျိုးသားကဇာတ်ရုံရှေ့တွင် မတ်လ ၇ ရက် နံနက် ၁ နာရီခွဲက ပလက်ဖောင်းပေါ် ထိုင်နေသည့် အမျိုးသားသုံးဦးကို ဓားပြ ခြိမ်းခြောက်ပြီး ငွေနှင့်လက်ကိုင်ဖုန်း လုယက်ခဲ့သည့် အဖွဲ့မှ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖမ်းမိခဲ့သူများမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော မျိုးအောင်၊ ပစောက် (ခ) သက်ပိုင်ထွန်း၊ ကိုခိုင်(ခ) ကျော်သူရခိုင်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ ထွက်ပြေး လွတ်မြောက်နေသော ဇင်မင်းထွန်း (ခ) ပေါင်မုန့်တို့သည် ယင်းနေ့က အမျိုးသား ကဇာတ်ရုံရှေ့ ပလက်ဖောင်းပေါ် ထိုင်နေသည့် အမျိုးသား သုံးဦးကို ဓားပြ ခြိမ်းခြောက်ပြီး ငွေကျပ် လေးသောင်းကျော်နှင့် လက်ကိုင်ဖုန်း နှစ်လုံးကို လုယက်ခဲ့သည်။

“ပလက်ဖောင်းပေါ် ထိုင်နေတဲ့ လူငယ်သုံးယောက်ကို လှိုင်သာယာ ဘယ်လိုသွားရမလဲ လာမေးပြီး လမ်းညွှန်ပြနေချိန် ဓားထုတ်ပြပြီး ငွေနဲ့ ဖုန်းလုယူတယ်၊ ပြီးတော့ မှောင်ရိပ်မှာ စက်နှိုးပြီး စောင့်နေတဲ့ ဒိုင်နာကားပေါ် တက်ပြေးသွားတာလို့ တိုင်ကြားချက်အရ သိရတယ်၊ သူတို့အဖွဲ့ လေးယောက်ထဲက သုံးယောက်ကို လုယက်မှု ဖြစ်တဲ့နေ့ ညနေပိုင်းမှာ လှိုင်သာယာမှာ မိခဲ့တယ်”ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ 

ယင်းလုယက်မှုမှ ဖမ်းမိထားသူ သုံးဦးနှင့် လွတ်မြောက်နေသူ တစ်ဦးတို့ကို ဒဂုံမြို့မရဲစခန်းက (ပ) ၃၈/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၃၈၆/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03