News

POST TYPE

POPULAR POST

လိပ်ကျွန်းအမှု သေဒဏ်ကျခံရန် အယူခံတရားရုံး အမိန့်ချ
01-Mar-2017

ရန်ကုန်၊ မတ် ၁

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံတရားရုံးက လည်း သေဒဏ်ဟု ယနေ့ (မတ်လ ၁ ရက်)တွင် စီရင်ချက်ချလိုက်ကြောင်း အဆိုပါအမှုတွင် မြန်မာနှစ်ဦးအတွက် လိုက်ပါ ဆောင်ရွက်နေပေးနေသည့် ဦးစိန်ဌေးက ပြောကြားသည်။ 

ကော့စမွေတရားရုံးတွင် တရားလိုဖြစ်သည့် ခရိုင်ဥပဒေအရာရှိကို အယူခံတရားရုံး တရားသူကြီးများက ခေါ်ယူပြီး အယူခံတရားရုံး၏ စီရင်ချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။ 

“အယူခံတရားရုံးဟာ စာရွက်စာတမ်းတွေ အကုန်မဖတ်ဘဲ အချိန်တိုအတွင်းမှာ စီရင်ချက် မြန်မြန်ချလိုက်တယ်။ ပြီးတော့ စီရင်ချက်ချတဲ့အခါမှာလည်း တရားခံရဲ့ ရှေ့နေတွေကို လုံးဝ အသိမပေးပဲ လုပ်သွားတယ်။ ထိုင်းသတင်းမှာပါလာမှ ရှေ့နေတွေက သိရတာပါ”ဟု ဦးစိန်ဌေးက ပြောဆိုသည်။ 

အဆိုအမှုအတွက် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် မြန်မာနှစ်ဦး၏ ရှေ့နေများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။ 

“တကယ်တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံသာမက ကမ္ဘာကပါ စိတ်ဝင်စားနေတဲ့ ဒီအမှုကို ပြီးစလွယ် လုပ်တာလို့ပဲ ဆိုချင်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူကို လုံးဝထည့်မတွက်ဘဲ လုပ်ချလိုက်သလိုပဲ ခံစားရတယ်”ဟု အယူခံ တရားရုံးက စီရင်ချက် ချမှတ်မှုအပေါ် ဦးစိန်ဌေးက မှတ်ချက်ပေးသည်။ 

လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦးကို ကော့စမွေရှိ အောက်ခြေအဆင့် တရားရုံးက ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် ချမှတ်ခဲ့သည်။


  • VIA