News

POST TYPE

POPULAR POST

ရန်ကုန်နှင့် YBS စနစ်
13-Feb-2017
ရန်ကုန်မြို့တော် ခရီးသည်တင် ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်သည့် Yangon Bus Service (YBS) စနစ် အသုံးပြုရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။ 

“တချို့ကလည်း အဆင်မပြေဘူး ဆိုတာတော့ လမ်းကြောင်းတွေက အများကြီး လျှော့လိုက်တာကိုး”
ဒေါက်တာမောင်အောင် (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ အတွင်းရေးမှူး)

လက်ရှိမှာ ယာဉ်မောင်း၊ ယာဉ်အကူတွေက စည်းကမ်းလိုက်နာမှု အရမ်းအားနည်းပါတယ်။ သူတို့ အပါအဝင် ယာဉ်လိုင်းတာဝန်ရှိသူတွေကိုပါ အရေးယူတဲ့အပိုင်းမှာ ပြစ်ဒဏ်ဘယ်လောက်လို့ မပြောသေးဘူး။ ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအပြင် စီမံချက်တစ်ခု လုပ်ပြီး အရေးယူချင် ယူသွားမယ်။ ဒီလိုတွေ စည်းကမ်းပျက်တာကို လုံးဝလက်မခံပါဘူး။ ပြည်သူတွေအနေနဲ့ ယာဉ်လိုင်းနံပါတ်ကိုမှတ်ပြီး တိုင်ကြားစေချင်တယ်။ အခုက ခရီးသည်တွေ အခက်အခဲကို ဖြေရှင်းပေးနေတယ်။ Plan A၊ B ရယ်လို့ဆွဲပြီး ဖြေရှင်းနေတာတော့ မဟုတ်ဘူး။ တစ်ခါတည်း လုပ်နေတာပါ။ စည်းကမ်းထိန်းသိမ်းရတဲ့ အပိုင်းမှာ ကြားကားနဲ့ ပတ်သက်ရင်တော့ အခုချိန်အထိ ဘာမှကို အရေးယူတာ မရှိသေးဘူး။ ဆရာတို့က လိုင်းကားတွေ ပြေးခိုင်းတာ။ လိုင်းကားတွေ မပြေးဘူး ဆိုရင်သာ လိုင်းကားကို အရေးယူမှာ။ အမှန်တော့ ကြားကားက ပြေးခွင့်မရှိဘူး။ ခရီးသည်တွေ အတွက်ကို ဦးစားပေး လုပ်ဆောင်နေပါတယ်။ ခရီးစဉ်လမ်းကြောင်း ပျောက်တာဆိုရင် ပြန်ထည့်ပေးနေတယ်။ တချို့ကလည်း အဆင်မပြေဘူး ဆိုတာတော့ လမ်းကြောင်းတွေက အများကြီး လျှော့လိုက်တာကိုး။ လမ်းတော့နည်းနည်းလျှောက်ရမယ်။ စည်းကမ်းပိုင်းလည်း လက်ရှိလုပ်နေတယ်။ ယာဉ်မောင်း၊ ယာဉ်အကူတွေကို စည်းကမ်းထိန်းချုပ်နိုင်ဖို့ ယာဉ်တွေမှာ GPS တပ်နေပါတယ်။ ဒါကတော့ ခြောက်လလောက်တော့ အချိန်ယူရဦးမှာပေါ့။ နောက်ပိုင်း ယာဉ်လုပ်သားတွေ စည်းကမ်းဖောက်ပြီ ဆိုတာနဲ့ ယာဉ်လိုင်းတာဝန်ရှိသူကိုပါ အရေးယူမှာပါ။ ယာဉ်လိုင်းကို CNG စလစ်သိမ်းပြီး ထုတ်ခွင့်မပေးတော့ဘူး။ သူတို့ဝန်ထမ်းကို သူတို့ သေချာကိုင်တွယ်ရမယ်။ အစပိုင်းမှာတော့ YBS ယာဉ်လိုင်းက ပြစ်ချက်တွေ၊ ပြောစရာတွေ များနေပေမယ့် အရေးယူတဲ့အပိုင်းကို သေချာလုပ်ရင် အကောင်းဘက်ကို ဦးတည်သွားမှာပါ။ YBS ယာဉ်လိုင်းနဲ့ ပတ်သက် ပြီး YRTA ဘက်က လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါ အရမ်းကို အားနည်းနေပါသေးတယ်လို့ ပြောချင်ပါတယ်။           

“အခုဆို စပယ်ယာတွေက ကြိုက်တဲ့နေရာတိုင်၊ ဂရုမစိုက်ဘူးလို့ ပြောတာ ကျွန်တော်ကိုယ်တိုင် သုံးခါကြုံဖူးပြီးပြီ” 
ဦးကြည်သာမောင် (ခရီးသည်)

YBSက စီးရတာ အဆင်မပြေဘူး။ အရင် ကျွန်တော်နေတဲ့ သုဝဏ္ဏဈေးကနေ ပန်းဆိုးတန်းကို အပေါ်လမ်း၊ အောက်လမ်း နှစ်ခုလုံး တိုက်ရိုက်ကား ရှိတယ်။ အခု ကျွန်တော် ရွှေဂုံတိုင်ကနေ တစ်ဆင့်စီးတာနဲ့ သာကေတ အဝိုင်းကနေ တစ်ဆင့်ဆိုပြီး နှစ်ဆင့် ပြောင်းစီးတဲ့ လမ်းကြောင်းနှစ်ခု ရှိတယ်။ အရင်ကထက် ကားကျပ်တယ်။ မတ်တတ်လေးထပ်လောက် ရပ်ရတယ်။ မိန်းကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက် အဆင်မပြေဘူး။ နောက် ကားခက နှစ်ဆင့်ဖြစ်သွားတာက တစ်ရက်၊ နှစ်ရက်ဆို ပြဿနာ မရှိဘူး။ ရေရှည်ဆို မဖြစ်ဘူး။ ပြည်သူတွေက Volunteer ဆိုပြီး အများကြီး ကူညီပေးခဲ့တယ်။ အခုကျ အဆင်မပြေဘူး။ ဒါကို အစိုးရက ဘယ်လို Compensate (အစားထိုး) လုပ်ပေးဖို့ Plan ရှိလဲ။ ထည့်ရောထည့်တွက်ခဲ့ရဲ့လား။ မပြောင်းခင်က ဒါကို သိချင်မိတယ်။ သူတို့အချိန်မယူဘဲ အဆောတလျင် ပြောင်းခဲ့လို့ ကားလမ်းကြောင်း ရှာရတာကအစ ဒုက္ခရောက်ရတယ်။ အခုဆို စပယ်ယာတွေက ကြိုက်တဲ့နေရာတိုင်၊ ဂရုမစိုက်ဘူးလို့ ပြောတာ ကျွန်တော်ကိုယ်တိုင် သုံးခါကြုံဖူးပြီးပြီ။ စီးနေကျ မှတ်တိုင်လေးဆို အမြဲကားကျော် မောင်းတယ်။ လူမိုက်စကား ပြောတယ်။ မထသနဲ့ ဘာမှမကွာဘူး။ Service ပိုင်း ကွာတာက ကားနှစ်ဆင့်စီးရတယ်။ ကားကျပ်တယ်။ ကားမရှိဘူး။ ဒါတွေကို ဘယ်သူမှ တာဝန်ဆက်မယူဘူး။ ဆက်ဆံရေးကတော့ အရင်အတိုင်းပဲ။ အဆိုးဆုံးက ကားနှစ်ဆင့် စီးရတာနဲ့ ကားကျပ်တာ။ အဓိကက ဒါကို တာဝန်ခံမယ့်သူ မရှိတာပဲ။ အခု JICA ကလည်း လမ်းကြောင်း သူတို့ဆွဲတာ မဟုတ်ဘူးလို့ ငြင်းတာ ဖတ်ရတယ်။ ဒါဆို YBS Bus Route တွေကို အရင်မထသနဲ့ မတူရင်ပြီးရော ဆိုပြီး ပြည်သူတွေရဲ့ တကယ့်လိုအပ်ချက်ကို မလေ့လာဘဲ ရေးဆွဲခဲ့တာလားဆိုတဲ့ မေးခွန်းမေးဖို့ အချိန်တန်ပြီ ထင်ပါတယ်။ အဓိကကတော့ အဝေးကြီးကနေ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့သူတွေ မြို့လယ်ကနေ ပြန်စရာ မရှိတာပဲ။ တော်တော်လေး စိတ်မကောင်းဘူး။ ဘာ Plan  မှ မရှိဘူး။ အဆင်မပြေတဲ့ ပြည်သူတွေကိုလည်း မတောင်းပန်ဘူး။ ကိုယ်လုပ်တာ ကိုယ်အမှန်လို့ မျက်စိပိတ်၊ နားပိတ် ဘူးခံငြင်းပြီး အရှိကို အရှိအတိုင်း လက်မခံနိုင်ရင် သူတို့ကို အုန်းအုန်းထ ထောက်ခံမဲပေးခဲ့တဲ့ ပြည်သူတွေကို အနိုင်ကျင့်တာပါ။                               

“အဓိကက တံဆိပ်လေးပဲ ပြောင်းသွားတာပါ”
ဦးအောင်ဇင်ဦး (လိုင်းနံပါတ် ၂၁ ယာဉ်မောင်း)

YBS ယာဉ် မောင်းရတာ အရင်တုန်းကထက်စာရင် ဘယ်လိုကွာခြားချက်တွေ ရှိလဲဆို ကျွန်တော်တို့ ဆူးလေဘက်ကို သွားတဲ့အခါ လမ်းပိတ်တာတို့ အချိန်ကြန့်ကြာတာတို့တော့ ရှိတာပေါ့နော်။ အခုက မော်တင်မှာ ဂိတ်ဆုံးတယ် ဆိုတော့ အရင်ကလောက်တော့ လမ်းတွေ မပိတ်တော့ပါဘူး။ နည်းနည်းခရီးစဉ် မြန်သွားသလိုပဲ။ အခု ဘာတစ်ခုကောင်းလဲ ဆိုတော့ မှတ်တိုင်မှာ ခရီးသည်က စောင့်တယ်။ မှတ်တိုင်တွေ ဧရိယာအတွင်းမှာ ကားတွေ ရှင်းထားပေးတဲ့အတွက် အဆင်ပြေတယ်။ အဲဒါက အစပိုင်း တစ်ပတ်လောက်ကပေါ့နော်။ အခု တစ်ပတ်လောက်လည်း ပြီးသွားရော မှတ်တိုင်အတွင်းမှာ Taxi တွေ အများဆုံး၊ နောက် အိမ်စီးကားတွေ။ အိမ်စီးကားက နည်းတော့နည်းတာပေါ့။ အဲဒါတွေ အားလုံးက အရင်တုန်းကအတိုင်းပဲ။ အကုန်လုံး ဝင်ရပ်ထားတယ်။ အဲဒီလို ဝင်ရပ်ထားတဲ့အတွက် ကျွန်တော်တို့ YBS ယာဉ်တွေက မှတ်တိုင်မှာ အစီအစဉ်တကျရပ်ဖို့ကျ အဆင်မပြေတော့ဘူး။ အရင်လိုပဲ ပြန်ဖြစ်လာတယ်လို့ပဲ ဆိုရမှာပေါ့။ အခုက တံဆိပ်သာ ပြောင်းသွားတာ။ မူက မပြောင်းသွားဘူး။ အဲဒီတော့ အစပိုင်း တစ်ပတ်လောက်ပဲ ကောင်းတယ်။ အခု ပုံမှန်အတိုင်း ယာဉ်ကြောတွေက ကျပ်မြဲကျပ်ဆဲ ပြန်ဖြစ်သွားတယ်။ ခရီးသည်တွေ ကျပြန်တော့လည်း သူတို့အနေနဲ့ ကားကနှစ်ဆင့် ဆိုတော့ ပိုက်ဆံပိုကုန်သွားတယ်။ ခရီးသည်တွေ ထင်တာက အရင်ကထက် ကားတွေ နည်းသွားတယ်လို့ မြင်တယ်။ အမှန်က ကားတွေက မနည်းသွားပါဘူး။ ကားတွေက ဒီကားတွေပဲ။ စတစ်ကာ ပြောင်းကပ်လိုက်တာပဲ ရှိတယ်။ ဒီယာဉ်မောင်း၊ ဒီစပယ်ယာတွေပဲ မောင်းနေကြတာချည်းပဲ။ ပြီးတော့ ကားတွေက မလျော့သွားဘူး။ အဓိက ခရီးသည်တွေ ကားနည်းသွားတယ်လို့ ထင်ရတဲ့ အကြောင်းအရင်းက အရင်တုန်းကဆို ၁၂၄ ရှိမယ်။ ၂၂၆ ရှိမယ် ၄၈ ရှိမယ်။ သူ့လိုင်းနဲ့သူ ကားတွေက ခွဲထားတယ်။ အဲဒီတော့ သူတို့စီးချင်တဲ့ ကားစီးရတယ်။ သူ့ဖောက်သည်နဲ့သူ ရှိပြီးသား။ အခုဟာက YBS တွေ ပြောင်းလိုက်တဲ့အခါ ယာဉ်လိုင်းတွေက တစ်လိုင်းတည်း ဖြစ်သွားတယ်။ အဓိက ပြဿနာက ဘာလဲဆို မြို့တွင်းခြောက်မြို့နယ်မှာ ချထားပေးတဲ့ ကားအရေအတွက်က အရမ်းနည်းနေတာပါ။ ဒါကြောင့်မို့ မြို့ထဲမှာ ခရီးသည်တွေ ပုံနေတာ။ မြို့တွင်းခြောက်မြို့နယ် အပြင်က ကားတွေကတော့ အရင်ကလောက် ကားမကျပ်တော့ပါဘူး။ 

ကျွန်တော့် အမြင်အရတော့ YBS က တံဆိပ်တွေပဲ ပြောင်းသွားတယ်။ လူတွေမပြောင်းဘူး။ မူတွေမပြောင်းဘူး။ ခုချိန်အထိ ကားပြိုင်မောင်းတာတွေ၊ လမ်းပေါ်မှာ ကန့်လန့်ရပ်တာတွေ၊ အဲဒီလိုမျိုး နည်းနည်းစရိုက်ကျတယ်။ အခုဆို CCTV တွေ လုပ်တယ်လို့လည်း ပြောတယ်။ ကားတွေကလည်း ကျော်ချင်ကျော်တယ်။ ပိတ်ချင်ပိတ်ရပ်တယ်။ အဲဒီလိုတွေ ဖြစ်နေတာက ကျွန်တော့်တို့ ယာဉ်မောင်းတွေကို လစာနဲ့ ပေးထားတာနဲ့လည်း ဆိုင်တယ်။ လစာနဲ့ ပေးမယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ အခုအထိက အခေါက်ရေနဲ့ပဲ တွက်ပေးတဲ့အတွက် အရင်လိုပဲ ပြိုင်မောင်းတယ်။ လမ်းမှာ လူတင်တယ်။ မှတ်တိုင်မှာ ခရီးသည်စောင့်တယ်။ အဓိကက ပိုက်ဆံရဖို့အတွက် လုပ်တာ။ ကျွန်တော် ပြောသလိုပဲ။ လူလည်း မပြောင်းဘူး၊ မူလည်း မပြောင်းသွားဘူး။ အဓိကက တံဆိပ်လေးပဲ ပြောင်းသွားတာပါ။ အဲဒီလို ဖြစ်နေတာတွေကို စနစ်တကျ အရေးယူသွားမယ်၊ နောက် ယာဉ်မောင်းတွေကိုလည်း လစာနဲ့သာ ခန့်မယ်ဆို ဘယ်သူမှ ခုလိုပြိုင်မောင်းနေမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ယာဉ်မောင်းတွေကို လစာနဲ့ ပေးတာမျိုး ဖြစ်စေချင်ပါတယ်။                     
ခိုင်ချယ်ရီထွန်း


ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)