News

POST TYPE

POPULAR POST

နုနန္ဒာသန်းနဲ့ တွေ့ဆုံခြင်း
07-Feb-2017 tagged as

ထူးခြားတဲ့ သီဆိုဟန်၊ ဆန်းပြားတဲ့ ဖက်ရှင်တွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို ရရှိနေတဲ့ တေးသံရှင် မြန်မာပြည်သိန်းတန်ကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေသူက ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းပါ။ တေးသံရှင် မြန်မာပြည်သိန်းတန်နဲ့ မခွဲမခွာ အမြဲလိုလို မြင်တွေ့ရလေ့ရှိတဲ့ ဒေါက်တာနုနန္ဒာသန်းနဲ့ တွေ့ဆုံပြီး လတ်တလော ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ပေးနေတဲ့ ဦးသိန်းတန်ရဲ့ ဖက်ရှင်များအကြောင်း၊ နှစ်ယောက် ဖူးစာဆုံခဲ့တဲ့အကြောင်းတွေနဲ့ မြန်မာပြည်သိန်းတန်ကို Gay လို့ စွပ်စွဲပြောဆိုကြတာတွေနဲ့ ပတ်သက်ပြီး သူ့ဖြေရှင်းချက်တွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

Voice : Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဦးသိန်းတန် ဝတ်တဲ့ အဝတ်အစား ဖက်ရှင်တွေအတွက် သိန်းတစ်ထောင်လောက် အကုန်အကျ ခံထားတယ်လို့ သိရတယ်လေ။ အဲ့ဒီအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
NNDT : သူဝတ်တဲ့ အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်၊ မျက်မှန်တွေက ပြည်ပကနေ ဝယ်ခဲ့တာတွေချည်းပါပဲ။ ခါးပတ်ဆိုရင်လည်း အမေရိကန် ဒေါ်လာ ၂၉၀ဝ လောက် ကျတယ်။ မြန်မာငွေနဲ့ ဆိုရင် သိန်းသုံးဆယ်ကျော်တာပေါ့နော်။ အင်္ကျီတွေ၊ ဖိနပ်တွေ မပါသေးပါဘူး။  အဝတ်အစား တစ်စုံကို သိန်းသုံးဆယ်လောက် ကျတယ်ပဲထား။ ဆယ်စုံကို သိန်းသုံးရာလောက်ကျမယ်။ ဝတ်စုံ အစုံ ၃၀ ဆို သိန်း ၉၀ဝ ပေါ့။ Myanmar Idol  Season  တစ်ခုလုံး အတွက်ကျတော့ ၃၅ စုံလောက် ချုပ်ရတာကိုး။ အဲ့ဒီအတွက် သိန်းတစ်ထောင်နီးပါးလောက် ကျသွားတယ်။ ဖိနပ်ဆိုလည်း Prada တို့၊ မျက်မှန်ဆိုလည်း  Louis Vitton, Gucci တို့မှ သူက တပ်တာကိုး။ သူက အဝတ်အစားဆို အကောင်းကြိုက်တယ်။ သူကြိုက်တဲ့ဟာတွေကလည်း ဈေးကြီးတယ်လေ။ အဝတ်အစားတွေဆိုလည်း မထပ်အောင်လည်း ချုပ်ပေးရတယ်။ 

Voice : အဝတ်အစားဖက်ရှင် တစ်ခုတည်းအတွက်ကို ဒီလောက် အကုန်အကျခံပြီး လုပ်ဖြစ်တာကရော ဘာကြောင့်ဖြစ်မလဲ။ 
NNDT : Sky Net ကလည်း ကိုသိန်းတန်ကို ဖက်ရှင်အဆန်းလေးတွေ ဝတ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း အကောင်း ကြိုက်တယ်။ မျက်မှန်ဆိုလည်း ရေဘင်လောက်ဆို သူက မတပ်ချင်ဘူး။ နိုင်ငံခြားမှာလည်း နေခဲ့တော့ အကောင်း ကြိုက်တတ်နေတာပေါ့။ ဝတ်မယ့်ဝတ်မှတော့ သူက ပရိသတ်ကိုလည်း ဖက်ရှင် အဆန်းလေးတွေပဲ ဝတ်ပြချင်တယ်။ အဆိုတော်တစ်ယောက်ရဲ့ အသံကို ပရိသတ်က နားနဲ့ ခံစားလို့ရတယ် ဆိုပေမယ့်၊ အဝတ်အစား ဖက်ရှင်လေးပါ တွဲပါရင်တော့ မျက်စိပသာဒ ပိုဖြစ်တာပေါ့နော်။ ကိုသိန်းတန်ကိုယ်တိုင် အဲ့ဒီလို ဝတ်ရ စားရတာ၊ ပျော်တယ်၊ စိတ်ချမ်းသာတယ်ဆိုတော့ ကိုယ်ကလည်း လိုက်လုပ်ပေးတာပေါ့လေ။

Voice : ဦးသိန်းတန်ပါတဲ့ ပွဲတိုင်းမှာ ဘေးကနေပြီး လိုအပ်တာတွေကို အသေးစိတ် ပြောပြပေး၊ လိုက်လုပ်ပေးတာ တွေ့ရတယ်နော်။ အန်တီတို့ အိမ်ထောင်သက်ကျတော့ရော ဘယ်လောက်လောက်ရှိပြီလဲ။
NNDT : သူနဲ့ အန်တီက မြန်မာပြည်မှာ နေကတည်းက သိခဲ့တာပါ။ အန်တီ ဆရာဝန် မဖြစ်ခင်ကတည်းက မပုလဲနဲ့ ပတ်သက်ပြီး သိခဲ့တာပါ။ မပုလဲက မေမြို့က၊ အန်တီတို့က မန္တလေးမှာ ဆေးတက္ကသိုလ်တက်တာကိုး။ မပုလဲနဲ့ မေမြို့မှာ ခင်ပြီးတော့ ကိုသိန်းတန်တို့ တီးဝိုင်းတွေ ဘာတွေ လာတယ်ဆိုရင် ဆုံဖြစ်တာပေါ့လေ။ မပုလဲကလည်း ကိုသိန်းတန်က ဘယ်လိုရိုးတဲ့အကြောင်း ပြောပြတာပေါ့လေ။ အန်တီ အင်္ဂလန်ကို ထွက်သွားတော့ နောက်ပိုင်း မတွေ့ဖြစ်ကြတော့ဘူး။ အင်္ဂလန်မှာ မေ့ဆေးပါရဂူဘွဲ့ ယူပြီးတော့မှ အမေရိကကို ပြောင်းတယ်။ ကိုသိန်းတန်က အမေရိကကို ရောက်လာပြီး နောက်ပိုင်းမှ ပြန်တွေ့ကြတာပါ။ ပထမတော့ သူ့ရောဂါတွေ ဘာတွေ ဆေးကုဖို့အတွက် မိတ်ဆွေတွေလိုပဲ ပြန်ဆုံဖြစ်တာပါ။ နဂိုကတည်းက ခင်မင်ရင်းနှီးခဲ့တော့ သံယောဇဉ်တော့ ရှိခဲ့တာပေါ့လေ။ နောက်ပိုင်းမှာ နှစ်ယောက်က ဖူးစာပြန်ဆုံခဲ့တာပေါ့။

Voice : ဦးသိန်းတန်ရဲ့ ဟန်ပန်အမူအရာကိုကြည့်ပြီး တချို့လူတွေက Gay လို့ ပြောကြတဲ့အပေါ် အန်တီပြန် ဖြေရှင်းထားတာလည်း တွေ့ပါတယ်။
NNDT : ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာ ပြန်ဖြေရှင်းတာမျိုးတော့ မရှိပါဘူး။ တစ်ခါတော့ ရင်းနှီးတဲ့ ကလေးတွေက Facebook သတင်း တစ်ခုမှာ ဦးသိန်းတန်က Gay လို့ ပြောတယ်။ သူ့မိန်းမကလည်း ဝန်ခံထားတယ်လို့ ပြောတယ်တဲ့။ အန်တီက ချက်ချင်းပဲ ပြန်ပြောတယ်။ တို့က အင်္ဂလန်မှာရော အမေရိကမှာပါ ဆရာဝန်လုပ်ခဲ့တဲ့ လူပါလို့။ Gay ကြီး တစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ပေါင်းမလားဆိုတာ ဦးနှောက်လေးနဲ့ စဉ်းစားပြီးတော့ ပြောလို့ ပြန်ပြောလိုက်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ ပြောတာမျိုးက အမှန်ဆို တရားစွဲလို့ ရပါတယ်။ ကျွန်မယောကျာ်းက Gay ပါလို့ တစ်ခါမှ မပြောခဲ့ဖူးဘူးလို့ ကျွန်မက ပြန်ပြောလိုက်တယ်။ ကိုယ်မပြောတဲ့ စကားတစ်ခွန်းကို ပြောတယ်လို့ ရေးတာက အသရေဖျက်မှုလေ။ ဒီလိုအမှုမျိုးက တရားစွဲရင် အာမခံမရ ဘူးလေ။ ကိုယ်မပြောဘဲနဲ့ ရေးတာမျိုးကိုကျတော့ မခံနိုင်တဲ့အတွက် တစ်ခါတော့ ပြန်ရှင်းဖူးပါတယ်။ တော်ရုံတန်ရုံပြောတာ၊ ရေးတာတွေကတော့ ဖတ်လည်း ဖတ်မနေဘူး။ ဒါတွေကိုဖတ်ဖို့  အားလည်း မအားဘူး။ သူများ ပြောသံတော့ ကြားပေမယ့် ဒါတွေကို အဲ့ဒီလောက်ကြီး အရေးတယူလုပ်နေဖို့ အချိန်လည်း မရှိပါဘူး။ ပြောတဲ့သူတွေက စိတ်ချမ်းသာတယ်ဆိုရင် ပြောကြပါစေ။

Voice : ဦးသိန်းတန်က အနုပညာလောကနဲ့ မစိမ်းတဲ့သူဆိုတော့ သရုပ်ဆောင်လုပ်ရတာက သူ့အတွက် အခက်အခဲ တချို့ရှိနိုင်ပေမယ့် သိပ်အများကြီး မဟုတ်ဘူးလေ။ အန်တီလုပ်ခဲ့တဲ့ ဆရာဝန်အလုပ်နဲ့ သရုပ်ဆောင်အလုပ်က ကျတော့ သတ်သတ်စီဖြစ်တော့ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ။
NNDT : အမှန်ပြောရရင် အန်တီ့အတွက်က သရုပ်ဆောင် လုပ်ရတာ ပိုလွယ်နေတယ်။ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ဖက်ရှင်ရုပ်ရှင် ဇာတ်ကားရိုက်တော့ သူက ပြောတယ်။ အခုမှ သိတယ်။ အန်တီက သရုပ်ဆောင်ပိုးပါနေတယ်တဲ့။ မန္တလေး ဆေးတက္ကသိုလ်မှာ အန်တီ တက်နေတုန်းက ဦးကလည်း သင်္ကြန်ဆိုရင် မန္တလေးကို ဆင်းလာတယ်လေ။ မြို့မမှာ သူသီချင်းတွေ ဘာတွေ တိုက်တယ်ဆို ကိုယ်ကလည်း သင်္ကြန်အကတွေ ဘာတွေ ကရတယ်။ အဲ့ဒီတုန်းက ရုပ်ရှင်ရိုက်မလားလို့ ကမ်းလှမ်းတဲ့သူ ရှိတယ်။ ကိုယ်ကလည်း ဆေးကျောင်းက မပြီးသေးတော့ မိဘကလည်း သဘောမတူဘူးပေါ့လေ။ ကိုယ်ကလည်း ဆရာဝန်တော့ ဖြစ်ချင်သေးတယ်။ နိုင်ငံခြားသွားဖို့ စာတွေလည်း ကျက်ထားတော့ လိုင်းမလွဲချင်တာနဲ့ပဲ သရုပ်ဆောင် မလုပ်ဖြစ်ခဲ့ဘူး။ အဲ့ဒီအချိန်တုန်းကတည်းက သရုပ်ဆောင်ပိုးကတော့ ကိန်းအောင်းနေတာပေါ့လေ။ ဒါပေမဲ့ ဘဝအတွက် အရင် ဦးစားပေးရမယ့်ဟာကို ရွေးချယ်လိုက်တာပေါ့။ အဲ့ဒီတုန်းက အဲ့ဒီလို ဆုံးဖြတ်ခဲ့တာလည်း မှန်ပါတယ်။ အဲ့ဒီအချိန်တုန်းက မင်းသမီး လုပ်လိုက်ရင်လည်း အခုလို ဆရာဝန်တွေ ဘာတွေ ဖြစ်မှာမဟုတ်ဘူး။ အခုဇာတ်ကား ပြန်ရိုက်တော့လည်း တစ်ချိန်က မြုပ်နေတဲ့ ပိုးက ပြန်ကြွလာတာပေါ့။ ကိုသိန်းတန်ထက်တောင် ကိုယ်ကရိုက်ရတာ အဆင်ပြေနေသေးတယ်။ 

သန့်ဇင်ဦး

  • TAGS